ဆယ်ကျော်သက်လေး အယ်ဒီသည် အင်ဒိုနီးရှားနိုင်ငံမှ ၁၂၅ ကီလို (၇၈ မိုင်ခန့်) အရှည်ရှိ ဆူလာဝီကျွန်းကမ်းခြေတွင် ငါးဖမ်းလှေကိုကျောက်ချပြီး လှေ၏တဲလေး ထဲတွင် တစ်‌ယောက်တည်း အလုပ်လုပ်နေစဥ် လေပြင်းတိုက်ခတ်သဖြင့် တဲလေးပြိုပြီး ကျောက်ဆူးလွတ်သွားကာ ငါးဖမ်းလှေမှာ ပင်လယ်ထဲသို့ လေနှင့်ပါ သွားသည်။ အယ်ဒီသည် ပင်လယ်ထဲတွင် ၄၉ ရက်တိုင် မျောနေခဲ့ရသည်။ သင်္ဘော တစ်စင်းစင်းကို သူမြင်တိုင်း သူ့ကို သင်္ဘောသားများမြင်အောင် သူ၏မီးခွက်ကို ထွန်းညှိသော်လည်း စိတ်ပျက်စရာသာဖြစ်ခဲ့ရသည်။ အားလျော့နေသော အယ်ဒီအား မကယ်ဆယ်နိုင်မီတွင် သင်္ဘော ၁၀ စီးခန့် သူ့ကို ဖြတ်ကျော်သွားခဲ့သည်။

သခင်ယေရှုက “ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဉီး” (လု ၁၀:၂၅) အား ကယ်ဆယ်ရန် လိုအပ်နေသူတစ်ဉီးအကြောင်းဉပမာကို ပြောပြသည်။ ယဇ်ပုရောဟိတ်နှင့်လေဝိလူ -လူနှစ်ဦးတို့သည် ခရီးသွားစဉ် ရိုက်နှက်ခံရပြီးဒဏ်ရာနှင့်လဲနေသူတစ်ဉီးကို တွေ့ခဲ့ သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ထိုသူကို မကူညီဘဲ “လွှဲရှောင်၍သွားလေ ၏” (:၃၁-၃၂)။ အဘယ်ကြောင့် လွှဲရှောင်ရသည်ကို မဖော်ပြထားပါ။ သူတို့ နှစ်ဦးစလုံးသည် ဘာသာရေးသမားဖြစ်သည့်အတွက် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည် (ဝတ် ၁၉:၁၇-၁၈) ဟူသည့် ဘုရားသခင်၏ပညတ်တော်နှင့်အကျွမ်းတဝင်ဖြစ်နေရမည်။ အလွန်အန္တရာယ်များသည်ဟု တွေးမိသောကြောင့် လား။ သို့တည်း မဟုတ် လူသေကောင်ကိုကိုင်တွယ်ပါက မစင်ကြယ်သောကြောင့် ဗိမာန်တော်တွင် တာဝန်ထမ်းဆောင်ခွင့်မရသည့် ယုဒတို့၏ပညတ်ကို မချိုးဖောက် လိုခြင်းကြောင့် လည်းဖြစ်နိုင်သည်။ သို့သော် ယုဒလူတို့အထင်အမြင်သေးသည့် ရှမာရိလူသည် မြင့်မြတ်စွာပြုကျင့်ခဲ့သည်။ ဒုက္ခရောက်လျက် အမှန်တကယ် အကူ အညီ လိုနေသူကို တွေ့ပြီး ကိုယ်ကျိုးစွန့်ကာ ထိုသူအား ဂရုစိုက်ပြုစုပေးခဲ့သည်။

သခင်ယေရှုက “သင်သည် သွား၍ ထိုနည်းတူပြုလော့” (လု ၁၀:၃၇) ဟု သူ၏ နောက်တော်လိုက်များအားပြော၍ သူ၏သွန်သင်ခြင်းကို အဆုံးသတ်လိုက် သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဒုက္ခရောက်နေသူများထံသို့ မေတ္တာပြ သွားရောက် ကူညီလိုသောစိတ်ဆန္ဒကိုပေးသနားတော်မူပါစေ။PHO FANG CHIA