မဖြစ်နိုင်တန်လျက်နှင့် အင်္ဂလန်နိုင်ငံ၏လက်နက်ချမှုကြောင့် ပြီးဆုံးသွားသည့် အမေရိကန်တော်လှန်ရေးအဆုံး၌ နိုင်ငံရေးသမားများနှင့်စစ်ရေးခေါင်းဆောင်များက ဗိုလ်ချုပ်ကြီး ဂျော့ရှ်ဝါရှင်တန် အား အုပ်ချုပ်မှုယန္တရားသစ်ဆီသို့ တွန်းပို့ လိုက်ကြသည်။ အာဏာလက်ကိုင်ရှိပြီး လုပ်ပိုင်ခွင့်ရှိလာသောအခါ ဝါရှင်တန် သည် ပြည်သူ တို့အား အမှန်တကယ်လွတ်လပ်ခွင့် ပေးမည်မပေးမည်ကို ကမ္ဘာက စောင့်ကြည့်ခဲ့ သည်။ သို့သော် အင်္ဂလန်နိုင်ငံ၏ တတိယမြောက် ဂျော့ရှ်ဘုရင်သည် လက်တွေ့ကျသည့် အမြင်တစ်ခုဖြင့် မြင်သည်။ အကယ်၍ ဝါရှင်တန်သည် အာဏာဆွဲအားကို ဆန့်ကျင်ပြီး သူ၏ဗာဂျီးနီးယားမွေးမြူရေးခြံသို့ ပြန်သွားပါက သူသည် “ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသောပုဂ္ဂိုလ်” ဖြစ်လာမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ အာဏာ၏ညှို့ယူဆွဲငင်မှုကို ဆန့်ကျင်နိုင်ခြင်းသည် စစ်မှန်သော မြင့်မြတ်ခြင်းနှင့် ထူးခြားသောလက္ခဏာဖြစ်ပြီး ကြီးမြတ်သော သက်သေဖြစ်ကြောင်း ဘုရင်ကြီးက သိနေသည်။

ရှင်ပေါလုသည် ဤတူညီသောအမှန်တရားကိုသိရှိပြီး သခင်ခရစ်တော်၏ နှိမ့်ချသောနည်းလမ်းအတိုင်း လိုက်လျှောက်ရန် ကျွန်ုပ်တို့အား တိုက်တွန်းနှိုးဆော်သည်။ သခင်ယေရှုသည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသော် လည်း” “အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် ဂုဏ်ရည်တူရန်ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။”(ဖိ ၂:၆)(ခေတ်သုံး)။ ထိုမျှမက သခင်သည် မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ဆောင်ကာ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံသည့်တိုင် မိမိကိုယ်ကိုနှိမ့်ချခဲ့သည်(:၇-၈)။ တန်ခိုးနှင့်ပြည့်စုံသည့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို ဦးထိပ်ထားလျက် အရာအားလုံး စွန့်လွှတ်ခဲ့သည်။

သို့သော် အဘဘုရားသခင်သည် ခရစ်တော်အား ကားတိုင်ပေါ်မှ၊ ရာဇဝတ်သားဘဝမှ “အထက်ဘဝဂ်သို့တိုင်အောင်ချီးမြှောက်”ခဲ့သည်(:၉)(ခေတ်သုံး)။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းနှင့်နာခံခြင်းကို တောင်းဆိုသည့်အရှင်ယေရှုသည် သူ့တန်ခိုးတော်ကို အံ့ဖွယ်လုပ်ရပ်ဖြင့် စွန့်လွှတ်ခဲ့ခြင်းက ကျွန်ုပ်တို့၏ကိုးကွယ် ဆည်းကပ်မှုကို ရယူနိုင်ခဲ့သည်။ အကြွင်းမဲ့နှိမ့်ချလျက်၊ လောကကိုမှောက်လှန်ခဲ့ သော စစ်မှန်သောကြီးမြတ်မှု သရုပ်သကန်ကို သခင်ပြသခဲ့ပေသည်။ WINN COLLIER