မိုက်ခ်၏သူငယ်ချင်းအများစုသည် ခရစ်ယာန်တရားတော်အကြောင်းကိုမသိ၊ ဂရုလည်း မစိုက်ကြပါ။ သို့သော် မိုက်ခ် သူတို့အပေါ် ဂရုတစိုက်ရှိသည်ကိုတော့ သူတို့သိသည်။ တစ်နေ့ “ရှင်ပြန်ထမြောက်ရာနေ့” နီးလာချိန်တွင် ရှင်ပြန်ထမြောက်ခြင်းနှင့် ပဿခါပွဲတို့ ဆက်နွယ်မှုရှိသည်ဟုကြားခဲ့ရကြောင်း၊ သို့သော် မည်သို့ဆက်စပ်သည်ကိုဖြင့် မတွေးတတ်ကြောင်း သူငယ်ချင်းတစ်ဦးက အမှတ်မထင်ထုတ်ဖော် ပြောပြီး “ဟေး… မိုက်ခ်၊ မင်းက ဘုရားတရားအ‌ကြောင်း သိတယ်ဆိုတော့ ပဿခါပွဲဆိုတာ ဘာလဲကွ၊ မင်းသိသလား” ဟုမေးသည်။

ထိုအခါ မိုက်ခ် က ဘုရားသခင်သည် ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ကယ်ထုတ်လာသည့်အကြောင်း၊ အိမ်တိုင်းတွင် သားဦးသေရသည့်ကပ်ဘေး အပါအဝင် ကပ်ဘေးကြီး ၁၀ ခု အကြောင်း၊ အိမ်အဝင်တံခါးဘောင်၌ ယဇ်ကောင် သိုးသူငယ်၏အသွေး သုတ်လိမ်းထားသောအိမ်များကို သေမင်းတမန်က ကျော်သွား ကြောင်းကို ရှင်းပြသည်။ နောက်ပိုင်းတွင် ပဿခါပွဲအတွင်း သခင်ယေရှု ခရစ်တော်သည် ယဇ်ပူဇော်ခြင်းခံရသောသိုးသူငယ်အဖြစ် တစ်ခါတည်း ကိုယ်ကို ပူဇော်ပြီးမှ ကားတိုင်တွင် အသက်ပေး၍ အသေခံသွားရကြောင်းကိုလည်း ဝေငှ သည်။ ရုတ်တရက် မိုက်ခ်က “ဟေ… ငါသက်သေခံနေပါလား” ဟု သိလိုက်သည်။

တပည့်တော်ပေတရုက ဘုရားသခင်ကိုမသိသေးသည့် ယဥ်ကျေးမှု အသိုင်း အဝန်း၌ ရှိနေသည့် အသင်းတော်အား “သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား… ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ်အသင့် ရှိနေကြလော့”ဟု(၁ ပေ ၃:၁၅) အကြံပြုသည်။ မိုက်ခ်၏ယုံကြည်ခြင်းက ပွင့်လင်းမြင်သာဖြစ်ခြင်းကြောင့် ထိုယုံကြည်ခြင်းကိုဝေငှရန်အခွင့်ရခဲ့ပြီး သူက လည်း နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ဝေငှခဲ့သည် (:၁၅)။

ကျွန်ုပ်တို့လည်း ထိုနည်းတူ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်၏ မစမှုဖြင့် ဘဝအတွက် အရေးပါဆုံးဖြစ်သော “ဘုရားသခင်အကြောင်း”ကို ရိုးရှင်းစွာ ပြောပြကြပါစို့။ TIM GUSTAFSON