“ကျွန်မသူ့ကို ဂရုစိုက်တယ်။ သူပျော်နေရင် ကျွန်မပျော်တယ်”ဟု စတယ်လာ ပြောရာ၊ “သူကျွန်တော့်အနားမှာ ရှိနေရင် ကျွန်တော်ပျော်တယ်”ဟု မားလ် ကလည်း ဆိုသည်။ မားလ်နှင့် စတယ်လာ တို့သည် အိမ်ထောင်သက် ၇၉ နှစ်ရှိပြီ ဖြစ်သည်။ မကြာမီကမှ မားလ် ကို ဘိုးဘွားရိပ်သာသို့ပို့ခဲ့ပြီး ထိုနေရာ၌ သူမပျော် ကြောင်းပြောသဖြင့် စတယ်လာ မှာ ဝမ်းပန်းတသာ သူ့ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ မားလ် ၏အသက်မှာ ၁၀၁ နှစ် ရှိပြီး စတယ်လာ က ၉၅ နှစ် ဖြစ်သည်။ စတယ်လာ သည် တုတ်ကောက်ကို အမှီပြုပြီးသွားလာနေရသော်လည်း ခင်ပွန်းအကြိုက် အစားအစာကို ပြင်ဆင်စီမံခြင်း စသည့် သူလုပ်ပေးနိုင်သောအရာကို အမြတ်တနိုးလုပ်ပေးသည်။ သူဘာသာသူ လုပ်ပေးခြင်းတော့မဟုတ်ပါ။ မြေးများနှင့် အိမ်နီးချင်းများက သူ့ကို ကူညီ လုပ်ပေးရသည်။

စတယ်လာ နှင့် မားလ် တို့၏အတူတကွရှိနေသောဘဝသည် ကမ္ဘာဉီးကျမ်း ၂ တွင် ဘုရားသခင်မိန့်ကြားသည့် “ယောကျ်ားသည် တစ်ယောက်တည်းမနေ ကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ ငါလုပ်ဉီးမည်”(:၁၈) ဆိုသည့် အချက်ကိုဖော်ပြသည့် သာဓကတစ်ခုဖြစ်သည်။ အာဒံထံသို့ ဘုရားသခင် ခေါ်ဆောင်လာသည့် သတ္တဝါများသည် တော်လျော်သောအထောက်အမဖြစ်ရန် အဆင်မပြေ။ နောက်ဆုံး သူ၏နံရိုးမှဖန်ဆင်းသော ဧဝသာလျှင် သူ့အတွက် သင့်တော်သောအထောက်အမနှင့် အဖော်အဖြစ် အာဒံတွေ့ရှိခဲ့သည်(:၁၉-၂၄)။

ဧဝသည် အာဒံအတွက် အကောင်းဆုံးအဖော်ဖြစ်ပြီး သူတို့အားဖြင့် အိမ်ထောင် ကို ဘုရားရှင်ဖွဲ့စည်းခဲ့သည်။ ၎င်းသည် တစ်ဉီးကိုတစ်ဉီး အပြန်အလှန် ကူညီဖေးမ ပေးရုံမျှသာမက မိသားစုမှအစပြုပြီး အခြားသူများအပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်းများကို ပြုစုစောင့်ရှောက်ရန်အတွက်ဖြစ်သည်(၁:၂၈)။ ထိုပထမမိသားစု မှ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာ၍ အသက်ကြီးသူ၊ ငယ်သူ၊ အိမ်ထောင်သည်၊ လူလွတ် မည်သူမဆိုသည် အထီးကျန်ဖြစ်မည် မဟုတ်ပါ။ လူ့မှုအဖွဲ့အစည်းအားဖြင့် တစ်ဉီး၏ဝန်ကို တစ်ဉီးက မျှဝေခံစားထမ်းရွက်ရန် အထူးအခွင့်အရေးကို ကျွန်ုပ်တို့အား ဘုရားရှင်ပေးထားသည် (ဂလာ ၆:၂)။ ALYSON KIEDA