ဆမ်သည် သူ၏ပင်စင်ဘဏ်စာရင်းကို တစ်ရက်နှစ်ကြိမ် စစ်ဆေးသည်။ ၎င်းကို သူ နှစ်ပေါင်း ၃၀ စုဆောင်းခဲ့ပြီး စတော့စျေးကွက်မြင့်တက်လာခြင်းကြောင့်လည်း နောက်ဆုံး၌ ပင်စင်ခံစားချိန်အတွက်ပင် လုံလောက်သွားသည်။ စတော့စျေးကွက် မကျဘူး ဆိုလျှင်ပေါ့။ ဤစိုးရိမ်မှုကြောင့် ဆမ်အမြဲပင် စိတ်ပူပန်နေရသည်။

ပရောဖက်ယေရမိက “အိုယုဒပြည်၊ သင်သည် မြို့များအရေအတွက်ရှိသည် အတိုင်း သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေအတွက် ရှိသည်အတိုင်း ရှက်ဖွယ်သောရုပ်တုအဖို့၊ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်များကို တည်ကြပြီ” (၁၁:၁၃) ဟုသတိပေးပါသည်။

ယုဒပြည်၏ရုပ်တုကိုးကွယ်မှုက ပြောစမှတ်ပြုရသည်။ ဘုရားသခင်သည် ထာဝရဘုရားသခင်ဖြစ်တော်မူကြောင်းသိလျက်နှင့် အခြားဘုရားများကို သူတို့ အဘယ့်ကြောင့်ကိုးကွယ်နိုင်ကြသနည်း။ သူတို့ နှစ်ဖက်ခွထားကြသည်။ မှန်သော ဘုရားသာ သူတို့ကိုသေခြင်းမှ ရှင်ပြန်စေမည်ဖြစ်သောကြောင့် နောင်တမလွန် အတွက် ထာဝရဘုရားကိုသူတို့လိုအပ်သည်။ သို့သော် ယခုဘဝအတွက်ရော မလိုသလော။ အခြားသောဘုရားများက ကျန်းမာခြင်း၊ စည်းစိမ်၊ မြေသြဇာလွှမ်းသောမြေဆီတို့ပေးမည်ဟု ကတိပေးခြင်းကြောင့် အဘယ်ကြောင့် ၎င်းတို့ထံ ဆုမတောင်းဘဲ နေရမည်နည်း။ လိုလိုမယ်မယ်ပေါ့။

ယုဒလူတို့၏ရုပ်တုကိုးကွယ်ခြင်းက ကျွန်ုပ်တို့အတွက်လည်း သွေးဆောင်ခြင်း ဖြစ်ကြောင်း သင်မြင်နိုင်ပါသလား။ စွမ်းရည်ပါရမီ၊ ပညာအရည်အချင်း၊ ငွေကြေး ဉစ္စာရရှိခြင်းက ကောင်းပါသည်။ သို့သော် သတိမရှိလျှင် မိမိ၏စိတ်ချယုံကြည်မှုက ထိုအရာများ အပေါ်သို့ ပြောင်းသွားနိုင်သည်။ သေဆုံးချိန်အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ လိုမည်၊ ယခုဘဝ၌လည်း ကျွန်ုပ်တို့ကိုကောင်းချီးပေးရန် ဆုတောင်းရမည်ကို ကျွန်ုပ်တို့ သိသည်။ သို့သော် အခြားသောဘုရားငယ်များအပေါ် လိုလိုမယ်မယ် ကျွန်ုပ်တို့ အမှီပြုမိကောင်း အမှီပြုမိမည်။

သင်၏ကိုးစားရာ အဘယ်မှာ ရှိသနည်း။ လိုရမယ်ရ ပွားထားသော ရုပ်တု သည် ရုပ်တုပင်ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးထားသည့် ဆုကျေးဇူးများစွာ အတွက် ကျေးဇူးတင်ပြီး ထိုဆုကျေးဇူးတစ်ခုမျှအပေါ် သင်အမှီမပြုကြောင်း ကိုယ်တော့်အား ပြောပြပါ။ သင့်ယုံကြည်ခြင်းသည် ဘုရားရှင်၌သာ အကြွင်းမဲ့ တည်နေပါ၏။ MIKE WITTMER