ယခင်က လယ်သမားတစ်ဉီးအတွက် ထွန်စက် (သို့) ကောက်ရိတ်ကောက်ခြွေစက် ကို တည့်တည့်မောင်းနှင်နိုင်ရေး အမြင်တည်ငြိမ်ရန်နှင့် လက်မြဲရန် လိုသည်။ သို့သော် မျက်လုံးကောင်းသည်ဆိုသည့်တိုင် အတန်းကျော်သွားခြင်းများရှိပြီး လက်အမြဲဆုံးသူပင် တစ်နေ့တာအလုပ်ပြီးချိန်တွင် ပင်ပန်းညောင်းချိပြီး ကိုက်ခဲ ကျန်ခဲ့သည်။ ယခုခေတ်တွင်မူ GPS နည်းပညာကို အခြေခံသည့် အော်တိုစတီယာ စက်များ ပေါ်လာပြီ ဖြစ်၍ အတန်းလိုက်စိုက်ပျိုးခြင်း၊ ကောက်စိုက်၊ ဆေးဖြန်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာ၌ တစ်တန်းနှင့်တစ်တန်းကွာခြားမှု ၁ လက်မ ဝန်းကျင်မျှသာ ရှိသည် အထိ စက်က တိကျမှုရှိသည်။ လက်နှင့်လုပ်စရာမလိုဘဲ စွမ်းဆောင်ရည်က အံ့မခမ်း ဖြစ်သည်။ စတီယာဘီးခွေကိုထိန်းကိုင်ရမည့်အစား ထွန်၊စိုက်၊ရိတ်ဘက်စုံသုံး စက်ကြီးပေါ်၌ အမဲကင်ပေါင်မုန့်အသားညှပ်ကို ဇိမ်နှင့် စားနေသည့်အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အံ့မခန်းသောစက်ကိရိယာက တည့်တည့်မတ်မတ် သွားနိုင်အောင် အထောက်အကူပြုသည်။

ယောရှိမင်းအကြောင်း ဆင်ခြင်ကြည့်ပါ။ သူသည် အသက် ၈ နှစ်တွင် မင်းဖြစ် လျက်နန်းထိုင်သည်(၄ ရာ ၂၂:၁)။ ထိုနောက် သူ့အသက် ၂၀ ကျော်ခန့်တွင် ယဇ်ပရောဟိတ်မင်း ဟိလခိမှ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ တွေ့ရှိခဲ့သည် (:၈)။ ထိုကျမ်းကို ယောရှိမင်းရှေ့တော်၌ ဖတ်ရွတ်ရာ၊ “ရှင်ဘုရင်သည် ပညတ္တိကျမ်း စကားကို ကြားလျှင်၊” ဘိုးဘေးတို့ ဘုရားသခင်ကို မနာခံခြင်းအတွက် ဝမ်းနည်းလျက် မိမိအဝတ်ကို ဆုတ်လေ၏။ ထိုနောက် ယောရှိမင်းသည် “ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြုရန်”(:၂)ပြင်ဆင်သည်။ ထိုပညတ္တိကျမ်းသည် လူတို့လကျ်ာ လက်ဝဲ မတိမ်းဘဲသွားနိုင်အောင် ပဲ့ထိန်းသည့်ကိရိယာတန်ဆာဖြစ်ခဲ့ပြီး၊ ဘုရား၏ လမ်းညွှန်မှုများသည် အခြေအနေကို ပြန်လည်တည့်မတ်ထိန်းကျောင်းပေးပေသည်။

နေ့စဉ်နေ့တိုင်းတွင် ကျွန်ုပ်တို့ကိုလမ်းပြရန် ကျမ်းစာကို အခွင့်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင်နှင့်၊ သူ၏အလိုတော်နှင့် တစ်ထပ်တည်း ကျစေသည်။ သမ္မာကျမ်းစာကို အခွင့်ပေးပါလျှင် ၎င်းသည် ကျွန်ုပ်တို့တည့်မတ်စွာ သွားနိုင်အောင် ထိန်းကျောင်းပဲ့ပြင်ပေးသည့် အံ့ဖွယ်ကိရိယာဖြစ်သည်။ JOHN BLASE