သူ၏သားသမီးနှင့်မြေးများအတွက် ကျွန်မမိတ်ဆွေမက်ဒလင်း၏ဆုတောင်းချက်မှာ “ထာဝရအမြင်”ရှိကြရန်ဖြစ်သည်။ သူမ၏မိသားစုသည် အလွန်ပင် ခက်ခဲ သည့်အချိန်ကို ဖြတ်သန်းခဲ့ရပြီး သူမ၏သမီးသေဆံုးခြင်းနှင့် အဆံုးသတ်ခဲ့သည်။ ဆိုးရွားလှသည့် ဤဆံုးရှုံးမှုကြောင့် မိသားစုဝင်များပူဆွေးနေသဖြင့် မက်ဒလင်းက လောကနာကျင်မှုများ၏လောင်မြှိုက်မှုကြောင့် သူတို့၏မျက်တောင်တစ်ဆုံးသာ မြင်သည့်အမြင် တစ်စစလျော့ပါးသွားရန် မျှော်လင့်မိသည်။ ချစ်တော်မူသော ဘုရားသခင်၌ မျှော်လင့်ခြင်းအပြည့်ဖြင့် ရေရှည်အမြင်ရှိရန်ကို သူလိုလားသည်။

ရှင်ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များသည် သူတို့ကို အရှက်ရအောင် လုပ်သည့် ယံုကြည်သူများနှင့် နှိပ်စက်ညှဉ်းပန်းသူတို့၏လက်၌ ဒုက္ခဝေဒနာကြီးစွာ ခံစားခဲ့ရသည်။ သို့သော် သူတို့၏အမြင်ကို ထာဝရအရာ၌သာ ခိုင်ခံ့တည်စေသည်။ “မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍၊ မထင်ရှားသော အရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်၍ ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်သည်” ဟု ရှင်ပေါလုက ရဲဝံ့စွာ သိမှတ်ဝန်ခံသည် (၂ ကော ၄:၁၈)။

ဘုရားသခင်၏အမှုတော်ကို သူတို့ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် “အောက်သို့လှဲခြင်း”၊ “ညှဉ်းပန်းခြင်း”၊ “မကြံစည်နိုင်အောင်ဖြစ်ခြင်း၊” “အမျိုးမျိုးသောနှောင့်ယှက်ခြင်း” များကို အမှန်တကယ်ရင်ဆိုင်ခဲ့ရသည် (:၈-၉)။ ဤဒုက္ခများမှ ဘုရားသခင် သူတို့ကို မကယ်တင်သင့်ဘူးလား။ သို့သော် စိတ်ဓာတ်ကျစိတ်ပျက်နေ မည့်အစား တဒင်္ဂဆင်းရဲဒုက္ခများကို အစားထိုးမည့် “ထာဝရတည်သည့် ဘုန်းအသရေ”၌သာ သူ၏မျှော်လင့်ခြင်းကို ရှင်ပေါလုတည်ရှိစေသည်(:၁၇)။ ဘုရားသခင်၏တန်ခိုးတော်သည် သူ့အထဲတွင် အလုပ်လုပ်နေကြောင်း သူသိပြီး “သခင်ယေရှုကို ထမြောက်စေသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေမည်” ဟု သူလံုးဝယုံကြည်စိတ်ချသည်(:၁၄)။

ကျွန်ုပ်တို့ပတ်လည်ရှိကမ္ဘာကြီးတုန်လှုပ်နေစဥ် ကျွန်ုပ်တို့၏အမြင်ကို ဘယ်သောအခါမှ မပျက်စီးသောတည်မြဲသောကျောက် – ဘုရားသခင်ထံသို့သာ လှည့်ကြည့်နိုင်ပါစေ။ ESTERA PIROSCA ESCOBAR