လူငယ်တစ်ဦးသည် သူ၏အသင်းတွင် ခေါင်းဆောင်ဖြစ်လာသည်။ ကျွမ်းကျင်အားကစားသမားများအဖွဲ့ကို လူပျိုဖြစ်ခါစ မွန်ရည်သော သူငယ်တစ်ယောက်က ဉီးဆောင်ခဲ့သည်။ သူ၏ပထမဆံုး သတင်းစာရှင်းလင်းပွဲက အားရကျေနပ်စရာ မရှိခဲ့ပါ။ သူသည် အသင်းသားများနှင့် နည်းပြတို့၏သဘောအတိုင်းဆောင်ရွက်ပြီး သူ့အလုပ်ကိုသာ ကြိုးစားပြီးလုပ်ဆောင်ကြောင်း တိုးတိုးလေး ရေရွတ်ပြောဆို ခဲ့သည်။ ထိုအားကစားရာသီတွင် အသင်း၏စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ရာသီအကုန်တွင် ဉီးဆောင်သူလူငယ်ကို ပြောင်းရွှေ့ခဲ့သည်။ သူက ဉီးဆောင်နိုင်စွမ်း ရှိသောကြောင့် သူ့ကိုယံုကြည်အပ်နှင်းခဲ့ခြင်းကို သူနားမလည်ခဲ့ပါ။ သို့မဟုတ် သူ့ကိုယ်သူ လုပ်နိုင်မည်ဟု စိုးစင်းမျှ မယံုကြည်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။

ရှောလုသည် သူ၏ကျရှုံးမှုများကြောင့် သူ့ကိုယ်သူ ငယ်သောသူအဖြစ်သာ မြင်သည်(၁ ရာ ၁၅:၁၇)။ အရပ်အမောင်းမြင့်မားသူကထိုသို့ပြောနေခြင်းသည် ဟာသတစ်ခုသာဖြစ်သည်။ သူသည် “အခြားသူထက် ပခံုးအထက်မှာ အရပ်သာ၍ မြင့်သူ”ဖြစ်သည် (၉:၂)။ သည့်တိုင် သူ့ကိုယ်သူ ထိုကဲ့သို့မမြင်ခဲ့ပါ။ ၁ ရာ ၁၅ တွင် သူ၏လုပ်ရပ်က လူများ၏ထောက်ခံမှုကိုရရန်သူကြိုးစားခဲ့ခြင်းကို ဖော်ပြနေ သည်။ လူကမဟုတ်ဘဲ ဘုရားသခင်က သူ့ကိုရွေးကောက်ပြီး တာဝန်အပ်နှင်းခြင်း ဖြစ်‌ကြောင်းကို သူလုံး၀နားမလည်ခဲ့ပါ။

သို့သော် ရှောလု၏အမှားသည် လူသားများ၏ကျရှုံးခြင်းပံုရိပ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ အုပ်စိုးခြင်းကို ထင်ဟပ်ပြရန် သူ၏ပံုသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းထားခြင်းကိုမေ့လျော့ပြီး ကမ္ဘာကြီး၌ ပျက်စီးခြင်းများပျံ့နှံ့စေလျက် မိမိ၏လုပ်ပိုင်ခွင့်ကို မမှန်မကန်အသံုးချရင်း ဘဝနိဂုံးချုပ်သည်။ ၎င်းကို ပြန်ပြင်ရန် ကျွန်ုပ်တို့ ဘုရားရှင်ထံ လှည့်ပြန်ဖို့လိုသည်။ အဘဘုရား၏ချစ်ခြင်းမေတ္တာဖြင့် ကျွန်ုပ်တို့ကို ပံုသွင်းစေပြီး ဝိညာဉ်တော်နှင့်ပြည့်စေလျက်၊ ကျွန်ုပ်တို့ကို လောကထဲသို့ စေလွတ်ရန် သခင်ယေရှုအား အခွင့်ပေးပါ။ GLENN PACKIAM