နယူးဂျာစီ ပြည်နယ်ရှိ Basking Ridge ပရက်ဘီတေးရီးယန်းအသင်းတော်နှင့်ကပ်လျက် ဝက်သစ်ချပင်သည် ဖယ်ရှားခြင်းမခံရမီအချိန်ထိ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိခဲ့သည်။ ၎င်း၏ကြီးထွားမှုအကောင်းဆုံးအချိန်က လိမ်နေသော အကိုင်းအခက်များသည် မြင့်မားကျယ်ပြန့်စွာဖြန့်ကျက်ခဲ့သည်။ စိမ်းစိုသော သစ်ရွက်များနှင့် ဝက်သစ်ချသီးများကို လေပြေအေးက တိုက်ခတ်ဆော့ကစားစဥ် နေထိုးသောအခါ သစ်ကိုင်းသစ်ရွက်များ ကြားများမှ ဖြာထွက်လာသည့်အရိပ်က မြေပြင်၌ ယိမ်းထိုးလှုပ်ရှားနေသည်။ သို့သော် ၎င်း၏စစ်မှန်သောခမ်းနားမှု၊၎င်း၏အမြစ်ဖွဲ့စည်းပုံက မြေကြီးအောက်တွင်တည်ရှိသည်။ ဝက်သစ်ချပင်၏ အဓိကပင်မ အမြစ်သည် မြေကြီးထဲသို့ဒေါင်လိုက်တိုးဝင်ကြီးထွားပြီး အာဟာရများ ထောက်ပံ့ ပေးသည်။ ထိုပင်မအမြစ်မှအမြစ်များစွာသည် အလျားလိုက်ပြန့်ပြီး အပင်အတွက် တစ်သက်တာအစိုဓာတ်နှင့်အာဟာရများကို ဖြည့်ဆည်း ပေးသည်။ အနုစိပ်သော အမြစ်အဖွဲ့အစည်းသည် တစ်ခါတစ်ရံ အပင်ထက်ပင် ကြီးမားပြီး ပင်စည် ခိုင်ခံ့မှုအတွက် အသက်သွေးကြောနှင့် ကျောက်ဆူးသဖွယ် ပံ့ပိုးပေးသည်။

ကြီးမားသောဝက်သစ်ချပင်ကဲ့သို့ အသက်တာကို ကြီးထွားစေသောအရာ အများစုသည် မျက်နှာပြင်၏အောက်ဘက်တွင် ဖြစ်ပေါ်သည်။ တပည့်တော်များအား မျိုးကြဲသူပုံဥပမာကို ရှင်းပြချိန်တွင် သခင်ယေရှုက အဘခမည်းတော်နှင့် လူတစ်ဦး ချင်းစီ၏မိတ်သဟာယသည် အခိုင်အမာအမြစ်တွယ်နေရန် အရေးကြီးကြောင်း အလေးအနက်ပြောခဲ့သည်။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်း ၌ ကြီးပွားမည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းရင်းမြစ်ကို ဝိညာဉ်တော်က ထောက်ပံ့နေမည်ဖြစ်သည်။ အစဥ်ပြောင်းလဲနေသောအခြေအနေများ၊ ပြဿနာ များ၊ ညှဉ်းပန်းခြင်းများနှင့် ပူပန်စရာများကို ဖြတ်ကျော်အောင်မြင်နိုင်ရန် သူ့နောက်တော်လိုက်များ ကို ဘုရားရှင် မစပေသည် (မ ၁၃:၁၈-၂၃)။

ချစ်သောအဘခမည်းတော်သည် သူ၏နှုတ်တော်ထွက်စကားဖြင့် ကျွန်ုပ်တို့၏ နှလုံးသားကို အားဖြည့်ရှင်သန်စေသည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အပြုအမူ များကိုပြောင်းလဲပေးပြီး နက်စွာအမြစ်တွယ်နေသောယုံကြည်ခြင်း၏အသီးအပွင့်ကို ကျွန်ုပ်တို့ဝန်းကျင်ရှိလူများအား အထင်အရှားမြင်စေလိမ့်မည်။ XOCHITL DIXON