ကျွန်မ၏သမီးသည် နန်စီဒရူး ကို သဘောကျနှစ်သက်နေသည်။ လွန်ခဲ့သော သုံးပတ်က အမျိုးသမီးစုံထောက် နန်စီဒရူးဝတ္ထုများကို အနည်းဆုံး စာအုပ် တစ်ဒါဇင်ခန့် သူမဖတ်ခဲ့သည်။ စုံထောက်ဝတ္ထုများကို သူမနှစ်သက်သည်။ ကျွန်မလည်း နန်စီဒရူးကို ကြိုက်ပါသည်။ ၁၉၆၀ ခုနှစ်ခန့် ကျွန်မအမေ ဖတ်ခဲ့သော အဖုံးအပြာရောင်နှင့်စာအုပ်သည် ယခုထိတိုင် အိမ်က စာအုပ်စင်မှာ ရှိသေးသည်။

ဤနှစ်သက်မှုက လက်ဆင့်ကမ်းသွားနေခြင်းကို မြင်တွေ့ရ၍ “ကျွန်မသည် ​နောက်ထပ် ဘာတွေကိုများ လက်ဆင့်ကမ်းနေသလဲ”ဟု အတွေးဝင်မိသည်။ တိမောသေထံပေးပို့သော ဒုတိယစာစောင်တွင် တိမောသေအကြောင်းကို စဉ်းစား သောအခါ သူ၏အမေနှင့်အဖွား၌တည်သော “ယုံကြည်ခြင်းစစ်”ကို သတိရမိ ကြောင်း ရှင်ပေါလုရေးသားခဲ့သည်။ ကျွန်မသမီးသည် လျှို့ဝှက်သည်းဖိုစုံထောက် ဝတ္ထုများကို သဘောကျသလို အဘိုးအဘွားများကဲ့သို့အစေခံရန်၊ ဆုတောင်းရန်၊ “ယေရှုခရစ်၌ တည်သောအသက်ကို ပေးမည်ဟူသော ကတိတော်” (၂ တိ ၁:၁) ကို စွဲကိုင်ရန် စသည့် ယုံကြည်ခြင်းအမွေကို ရရှိရန် ကျွန်မမျှော်လင့်မိပါသည်။

သခင်ယေရှုကိုသိသောမိဘ (သို့) အဘိုးအဘွားများ မရှိသူများအတွက်လည်း မျှော်လင့်စရာရှိကြောင်း ကျွန်မတွေ့ခဲ့သည်။ တိမောသေ၏ဖခင်ကို မဖော်ပြထား သော်လည်း ရှင်ပေါလုက တိမောသေကို “ချစ်သား” ဟုခေါ်ခဲ့သည် (:၂)။ မိသားစုဝင် မရှိသူများအနေဖြင့် ယုံကြည်ခြင်းကို လက်ဆင့်ကမ်းရန် အသင်းတော်မှ ဘိုးဘွားနှင့် မိဘများကို ရှာဖွေနိုင်ပါသည်။ ထိုသူများသည် မည်သို့သန့်ရှင်းစွာ နေထိုင်ရမည်(:၉)၊ ဘုရားသခင်ပေးသော “တန်ခိုးပါသော စိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘော”(:၇)တို့ကို မည်သို့စွဲကိုင် ရမည်ကို ကူညီလမ်းပြမည့်သူများဖြစ်သည်။ အမှန်ပင်၊ ကျွန်မတို့အားလုံးသည် လှပသောအမွေကို ရရှိကြသည်။ AMY PETERSON