ထိုလူသည် ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်ရသည်။ သူ၏ပြစ်မှုများမှာ (လူ ၆ယောက်သေခဲ့သည့်) လူ ၈ ယောက်ကို သေနတ်ဖြင့်ပစ်ခြင်း၊ ၁၉၇၀ ခုနှစ် နယူးယောက်မြို့ အကြမ်းဖက်မှုတွင် ရှို့မီး ၁၅၀၀ နီးပါးကို စတင်ခြင်းတို့ ပါဝင်သည်။ သူက အမှုဖြစ်သည့်နေရာများတွင် ရဲများကိုခနဲ့သည့်စာများထားခဲ့ပြီး နောက်ဆုံး အဖမ်းခံခဲ့ရသည်။ လူသတ်မှုတစ်ခုလျှင် ၂၅ နှစ် ဆက်တိုက် ပြစ်ဒဏ်ပြန်ပေးဆပ်ရန် စီရင်ချက်ကျခဲ့သည်။

သို့သော် သူ့ထံသို့ ဘုရားသခင် ကြွရောက်ခဲ့သည်။ ယနေ့ သူသည် နေ့ရက်တိုင်း သမ္မာကျမ်းစာဖြင့်သာ အချိန်ကုန်နေသည့် ခရစ်တော်ကိုယုံကြည်သောသူ ဖြစ်လာ သည်။ သူ့ပြစ်မှု၏ဓားစာခံမိသားစုဝင်များကို အလွန်ဝမ်းနည်းကြောင်းဖော်ပြပြီး သူတို့အတွက် ဆက်ဆုတောင်းပေးသည်။ နှစ်ပေါင်း ၄၀ ကျော်မျှ ထောင်ကျခဲ့ပြီး ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်မှတ်ရလည်း ဤသူသည် ဘုရားသခင်ထံ၌ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့ပြီး၊ “ကျွန်ုပ်၏လွတ်မြောက်ခြင်းသည် ယေရှုဟူသော စကားတစ်လုံး၌သာ တွေ့ခဲ့တယ်” ဟု ပြောခဲ့သည်။

နှုတ်ကပတ်တော်မှ အခြားပြောင်းလဲခြင်းတစ်ခုကိုလည်း ပြောနေသည်။ ဒမာသက်မြို့သို့သွားသောလမ်း၌ ထမြောက်သောခရစ်တော်နှင့်မတွေ့မီ ရှောလု (နောက်ပိုင်း တမန်တော်ရှင်ပေါလုဖြစ်လာသူ)သည် “သခင်ဘုရား၏တပည့်တော်တို့ တစ်ဘက်၌ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှူ”ခဲ့သည် (တ ၉:၁)။ သို့သော် သူ့စိတ်နှလုံးနှင့်သူ့အသက်တာကို သခင်ယေရှုပြောင်းလဲပေးခဲ့ပြီး (:၁၇-၁၈)၊ သမိုင်းတွင် ခရစ်တော်အတွက် တန်ခိုးနှင့်ပြည့်စုံသောသက်သေတစ်ပါး ဖြစ်လာသည်။ ခရစ်ယာန်များကို သတ်ဖြတ်ရန်စီစဉ်နေသူက သူ၏အသက်တာကို ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းကို ဖြန့်ဝေပြောကြားရန် ဆက်ကပ်ခဲ့သည်။

ရွေးနှုတ်ခြင်းသည် အမြဲပင် ဘုရားသခင်၏အံ့သြဖွယ်အမှုဖြစ်သည်။ ပို၍ အံ့သြစရာကောင်းသည့်အကြောင်းများလည်း ရှိပါသည်။ စင်စစ် မည်သူမျှ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်ပါ။ သို့တိုင် သခင်ယေရှုသည် တန်ခိုးနှင့်ပြည့်စုံသည့် ကယ်တင်ရှင်ဖြစ်သည်။ “သူ့အားဖြင့် ဘုရားသခင့်အထံတော် သို့ ချဉ်းကပ်သောသူတို့ကို ယေရှုခရစ်ကယ်တင်တော်မူ၏”(ဟေဗြဲ ၇:၂၅)ဟူသည့် အခြေခံ အမှန်တရားကား အတူတူပင်ဖြစ်သည်။ JAMES BANKS