ကွာနေသော မျက်ကြောလွှာကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဆရာဝန်က ပြောသည်။ သို့နှင့် မွန်တာနာ ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် အလင်းရောင်ကို မမြင်ရဘဲ (၁၅) နှစ်တိုင် မျက်မမြင်စာများကို လေ့လာ၊ ခွေးနှင့်လမ်းလျှောက်တုတ် အကူအညီသုံးလျက် နေထိုင်ခဲ့ပြီးနောက်၊ သူ၏ခင်ပွန်းက အခြားမျက်စိဆရာဝန် တစ်ဉီးအား “ကူညီနိုင်မလား” ဟုရိုးရှင်းသည့်မေးခွန်းကို မေးခဲ့သည့်အချိန်မှစ၍ သူမဘဝ ပြောင်းလဲခဲ့တော့သည်။ ကူညီနိုင်ခဲ့ပါသည်။ ထိုဆရာဝန်၏တွေ့ရှိချက် အရ သူမမျက်လုံးအခြေအနေသည် သာမန်ဖြစ်ပြီး ယာဘက်မျက်လုံးရှိ တိမ်များ ကို ဖယ်ရှားပေးခဲ့သည်။ နောက်နေ့ မျက်လုံးအကာကို ဖယ်လိုက်ချိန်တွင် သူမ၏ အမြင်သည် ၂၀/၂၀ ပုံမှန်ဖြစ်သည်။ ဘယ်ဘက်မျက်လုံးခွဲစိတ်မှုသည်လည်း တူညီသော အောင်မြင်မှုကို ရရှိခဲ့သည်။

မေးခွန်းရိုးရိုးလေးသည် နူနာစွဲနေသော ခွန်အားတန်ခိုးကြီးမားသည့် ဗိုလ်ချုပ်ကြီး နေမန်ဘဝကို ပြောင်းလဲပေးခဲ့သည်။ သို့သော် ပရောဖက်ဧလိရှဲက “သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်” ဟု ပြောသော ညွှန်ကြားချက်အပေါ် နေမန်ဒေါသထွက်ခဲ့သည် (၄ရာ ၅:၁၀)။ သူ၏ကျွန်က “ခက်ခဲသောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော”(:၁၃)ဟု သူ့အား ရိုးရှင်းစွာ မေးခဲ့သည်။ ထိုသို့ နားချပြီးနောက် နေမန်သည် ရေထဲနှစ်သဖြင့် “သူ၏အသားသည် သူငယ်၏ အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏” (:၁၄)။

ကျွန်ုပ်တို့အသက်တာ၌လည်း ကိုယ်တော်ကူညီမလား။ ကျွန်ုပ်သွားရမလား။ ကိုယ်တော်ဉီးဆောင်မလား။ စသည်ဖြင့် ဘုရားရှင်ကို မမေးမိသည့်အတွက်ကြောင့် တစ်ခါတစ်ရံ ပြဿနာများနှင့် ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့ထံမှ ရှုပ်ထွေးသည့်မေးခွန်း များကို ကိုယ်တော်မလိုအပ်ပါ။ “ငါသည် သူတို့မခေါ်မီကပင် ထူးမည်” ဟု သူ့လူမျိုးကို ဘုရားရှင် ကတိပေးခဲ့သည်(ဟေရှာ ၆၅:၂၄)။ ထိုကြောင့် ယနေ့ ဘုရားရှင်ကို ရိုးရိုးလေး မေးလိုက်ပါ။ PATRICIA RAYBON