ကျွန်မ၏ခဲအို ဂဲရစ် သည် မိုင် ၁၂၀၀ ဝေးသည့် ကော်လိုရာဒိုတောင်ပေါ်တွင် နေထိုင်သည်။ အနေဝေးသော်လည်း သူ၏ပျော်ပျော်နေတတ်ခြင်းနှင့် ကြင်နာသော စိတ်ထားလေးကြောင့် အားလုံးက ချစ်ရသောမိသားစုဝင်တစ်ဦး ဖြစ်သည်။ ကျွန်မမှတ်မိသလောက် ဂဲရစ်သည် သူ့မိခင်၏အသဲကျော်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး မောင်နှမများက မနာလို ဝန်တိုမှု မရှိဘဲ ကျီစယ်ကြသည်။ လွန်ခဲ့သည့်နှစ်များက “ကျွန်တော်ဟာ မေမေ့ အသဲကျော်” စာတန်းပါသည့် တီရှပ်ကိုပင် မောင်နှမများက သူ့ကိုလက်ဆောင်ပေးကြသည်။ မောင်နှမများ၏ပေါကြောင်ကြောင်လုပ်ရပ်ကြောင့် ကျွန်မတို့အားလုံးဝမ်းမြောက်သော်လည်း စင်စစ် မျက်နှာလိုက်ခြင်းက အပြောင်အပျက်ကိစ္စ မဟုတ်ပါ။

ကမ္ဘာဦးကျမ်း ၃၇ ၌ ယောသပ်သည် တစ်မူထူးသောသူ၏သားဖြစ်ကြောင်း အခြား သားများကိုပြရန် ယာကုပ်သည် အဆင်းအရောင်ထူးခြားသည့်အင်္ကျီကို ယောသပ်အားပေးသည့်အကြောင်း ကျွန်ုပ်တို့ဖတ်ရသည်(:၃)။ ပြောစရာပင် မလို၊ “ယောသပ်ဟာ ကျုပ်ရဲ့အသဲကျော်လေးပါ”ဟု အင်္ကျီက ဟစ်ကြွေးနေသည်။

မိသားစုအတွင်း မျက်နှာလိုက်ခြင်းက ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သည်။ ယာကုပ်၏မိခင် ရေဗက္ကသည် သားကြီးဧသောထက် ယာကုပ်ကိုပိုပြီး မျက်နှာသာ ပေးသည့်အတွက် ညီအစ်ကိုကြားပဋိပက္ခဖြစ်စေခဲ့သည် (၂၅:၂၈)။ တစ်ဖန် ယာကုပ်သည် သူ့ဇနီးရာခေလ (ယောသပ်၏မိခင်)ကို သူ့ဇနီးလေအာထက် ပိုချစ်ခြင်းက မဖြစ်သင့်သည့်အမှားကိုကျူးလွန်ရာရောက်ပြီး မညီညွတ်မှုနှင့် စိတ်နာကျင်မှုကို ဖြစ်စေခဲ့သည်(၂၉:၃၀-၃၁)။ ဤဆက်ဆံရေးပုံစံကြောင့် ယောသပ်၏အစ်ကိုတို့မှာ ညီငယ်ကိုမုန်းတီးပြီး သတ်ပစ်ရန်ကြံစည်မိသည်အထိတွန်းပို့သော မကောင်းမသင့်သော အခြေခံအကြောင်းရင်းဖြစ်သည် (၃၇:၁၈)။

ကျွန်မတို့၏ပေါင်းသင်းဆက်ဆံရေးများ၌ ရံဖန်ရံခါ မျှမျှတတဖြစ်ရန်မှာ ခဲရာခဲဆစ်နိုင်ကြောင်းကို တွေ့ရသည်။ သို့သော် ကျွန်မတို့ပန်းတိုင်မှာ လူတိုင်းကို မျက်နှာမလိုက်ဘဲ တန်းတူဆက်ဆံရန်နှင့် အဘဘုရား ကျွန်မတို့ကိုချစ်သည့်နည်းတူ မိမိအသက်တာရှိလူတိုင်းကို ချစ်ရန်ဖြစ်သည် (ယော ၁၃:၃၄)။ CINDY HESS KASPER