“ဘယ်တော့မှအရှုံးမပေးနဲ့။” “လူတစ်ဦးဦးကို ပြုံးအောင်လုပ်ပေးပါ။” “မင်းက အံ့ဖွယ်ပါ။” “မင်းဘယ်ကလာလဲ။ နောက်ခံက အရေးမကြီးဘူး။ မင်းဦးတည်သွားမဲ့ ပန်းတိုင်သာ အရေးကြီးတာ။” စသည့်အားပေးစကားများနှင့် အခြားစာသားများ ကို ဗာဂျီးနီးယားပြည်နယ်၊ ကမ်းခြေမြို့ရှိ ကျောင်းသားများ၏နေ့လည်စာ စားသောက်ခန်းမှငှက်ပျောသီးများပေါ် ရေးထားခြင်းဖြစ်သည်။ စားသောက်ခန်း မန်နေဂျာ စတေစီ ထရူးမန်းက အချိန်ယူပြီး စိတ်ခွန်အားပေးသည့်စာများကိုရေးထားခြင်းဖြစ်သည်။ ကလေးများက ၎င်းကို “စကားပြောသောငှက်ပျောသီးများ”ဟု အမည်ပေးထားသည်။

ဤဂရုစိုက်မှုက ရှေးခေတ်အန္တိအုတ်မြို့ရှိ “ဝိညာဉ်ကလေးများ”ကို စောင်မသည့် ဗာနဗ၏စိတ်ထားနှလုံးသားကို ပြန်လည်အမှတ်ရစေသည် (တ ၁၁:၂၂-၂၄)။ ဗာနဗသည် တစ်ပါးသူတို့ကို စိတ်ခွန်အားပေးနိုင်သည့်သူ့စွမ်းရည်ကြောင့် ထင်ရှားသူဖြစ်သည်။ သူ့အား သူတော်ကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသူအဖြစ် လူတို့သိကြပြီး၊ သူက ယုံကြည်သူအသစ်များအား “ယုံကြည်သောစိတ်နှင့် သခင်ဘုရားကိုမှီဝဲဆည်းကပ်မည်အကြောင်း”(:၂၃) လှုံ့ဆော်အားပေးသည်။ သူမစလိုသူများနှင့်အချိန်ယူပြီး “ဆက်ပြီးဆုတောင်းပါ၊ ဘုရားကို ကိုးစားယုံကြည်ပါ၊ ဘဝမှာ ခက်ခဲတဲ့အခါ ဘုရားသခင်နဲ့နီးနီးကပ်ကပ်နေပါ” ဟူ၍ ပြောကြားနေမည်ကို ကျွန်မ စိတ်ကူး မြင်‌ယောင်မိသည်။

ယုံကြည်သူအသစ်များသည် ကလေးငယ်များနည်းတူ ခွန်အားပေးမှုများများ ရရှိရန်လိုအပ်သည်။ သူတို့၌ ကောင်းသောအလားအလာများအပြည့်ရှိပြီး သူတို့ ကျွမ်းကျင်သည့်စွမ်းရည်ကို ရှာဖွေနေသည်။ သူတို့အထဲ၌၊ သူတို့အားဖြင့် ဘုရားရှင် အလုပ်လုပ်လိုကြောင်းကို အပြည့်အဝနားလည်ချင်မှနားလည်မည်။ယုံကြည်ခြင်း မကြီးထွားလာအောင် ရန်သူတော်ကလည်း မကြာမကြာ တားဆီးနှောင့်ယှက်သည်။

သခင်ယေရှုနှင့်အတူ အတန်ကြာလျှောက်လှမ်းခဲ့ပြီးသောကျွန်မတို့က ယေရှုအတွက် အသက်ရှင်ရခြင်းသည် မည်မျှခက်ခဲသည်ကို သိရှိကြသည်။ ဝိညာဉ်တော် က ပို့ဆောင်လမ်းညွှန်ပြီး ဝိညာဉ်ရေးသမ္မာတရားကို သတိပေးအမှတ်ရစေသည်နှင့်အညီ ကျွန်မတို့အားလုံးသည် တစ်ပါးသူကိုခွန်အားပေးပြီး မိမိကိုယ်တိုင်လည်း ခွန်အားရရှိ နိုင်ပါစေသား။ JENNIFER BENSON SCHULDT