စိတ်ပျက်လက်ပျက်ဖြစ်ပြီး၊ ပိုမိုအဓိပ္ပာယ်ရှိသောဘဝကို လိုချင်သဖြင့် လီယွန် သည် ဘဏ္ဍာရေးဌာနမှအလုပ်ထွက်ခဲ့သည်။ ထို့နောက် တစ်နေ့တွင် “ကြင်နာမှု သည် အကောင်းဆုံးဆေးဖြစ်၏”ဟူသော ဆိုင်းဘုတ်ကိုကိုင်ထားသည့် အိမ်ယာမဲ့ တစ်ဦးကို သူတွေ့ခဲ့သည်။ “အဲဒီစကားတွေက ကျွန်တော့်ကိုတည့်တည့် လာမှန်တာပဲ။ အသိတရား တွေ ခေါင်းထဲဝင်လာတယ်”ဟု လီယွန် ပြောခဲ့သည်။

ကြင်နာမှုကိုမြှင့်တင်ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခြင်း ဖြင့် ဘဝသစ်စတင်ရန် လီယွန်ဆုံးဖြတ်ခဲ့သည်။ သူသည် သူ့အား အစားအသောက် ပေးသူ၊ ဆီဖြည့်ပေးသူ၊ တည်းခိုစရာနေရာပေးသူ သူစိမ်းများအပေါ်မှီခိုလျက် ကမ္ဘာအနှံ့ခရီးထွက်သည်။ ထို့နောက် သူ၏အဖွဲ့အစည်းမှတစ်ဆင့် မိဘမဲ့များကို ကျွေးမွေးခြင်း၊ ဆင်းရဲနွမ်းပါးသောကလေးများအတွက် ကျောင်းဆောက်ပေးခြင်း စသော ကောင်းမှုများအားဖြင့် ထိုသူတို့ကို ချီးမြှင့်သည်။ “ကြင်နာမှုက နူးညံ့ပျော့ပြောင်းတယ်လို့ထင်ရပေမယ့် ကြီးမားတဲ့ခွန်အားဖြစ်ပါတယ်”ဟု သူပြောသည်။

ဘုရားသခင်သည် ကောင်းမြတ်သည့်အတွက် သူ့ထံမှ အကြင်နာတရားက သဘာဝအတိုင်းစီးဆင်းနေကြောင်း ခရစ်တော်က အနှစ်ချုပ်ဖော်ပြသည်။ မုဆိုးမ၏ တစ်ဦးတည်းသောသား အသုဘသို့ ရှင်ယေရှုရောက်ရှိလာချိန်၌ ကိုယ်တော်ပြုခဲ့သည့် အမှုကို ကျွန်မနှစ်သက်လှသည် (လု ၇:၁၁-၁၇)။ ပူဆွေးဝမ်းနည်းနေသည့်အမျိုးသမီးမှာ ငွေကြေးအထောက်အပံ့အတွက် သားအပေါ် မှီခိုနေရပုံပေါ်သည်။ ရှင်ယေရှုကို ကြားဝင်ဖြေရှင်းပေးရန် တစ်စုံတစ်ဦးမှ လာရောက်တောင်းဆိုကြောင်း ကျမ်းစာထဲ၌ မတွေ့ရပါ။ ကိုယ်တော်၏ ကောင်းမြတ်တော်မူသော သဘောသဘာဝသန့်သန့်ဖြင့် (:၁၃) ကိုယ်ချင်းစာ ပူပန်စိတ်ဖြင့် သေဆုံးသွားသည့်သားကို ပြန်လည်ရှင်ပြန်စေခဲ့သည်။ ခရစ်တော်အကြောင်းနှင့်ပတ်သက်ပြီး လူအများက “ဘုရားသခင်သည် မိမိ လူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ”ဟု ပြောဆိုကြတော့သည်(:၁၆)။ANNE CETAS