ကျွန်ုပ်၌ ပစ္စည်းစုဆောင်းလိုစိတ်အမြဲရှိသည်။ ငယ်စဉ်က တံဆိပ်ခေါင်းများ၊ ဘေ့စ်ဘော ကတ်များ၊ ကာတွန်းစာအုပ်များကို စုခဲ့သည်။ ယခု မိဘဖြစ်လာချိန်တွင် ကျွန်ုပ်ကလေးများ၌ အလားတူစိတ်ထက်သန်မှုရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ဝက်ဝံရုပ် နောက်တစ်ရုပ် တကယ်ပဲလိုအပ်ရဲ့လား ဟု ကျွန်ုပ်တွေးမိသည်။

စင်စစ် ၎င်းသည် လိုအပ်မှုနှင့်မသက်ဆိုင်ပါ။ ပစ္စည်းသစ်တစ်ခုခု၏ ဆွဲဆောင်မှု၊ သို့မဟုတ် သွားရည်ကျလောက်သည့် ရှေးဟောင်းရှားပါးပစ္စည်း၏ဆွဲဆောင်မှု ဖြစ်သည်။ တစ်စုံတစ်ခုက စိတ်ကိုဖမ်းစားထားလျှင် မိမိ၌ “ထိုအရာ”သာရှိလျှင် ဘဝကပိုကောင်းလာမည်ဟု ယုံမှတ်ရန်၊ ကျွန်ုပ်တို့ပျော်ရွှင်မည်၊ ကျေနပ်မည်ဟု သွေးဆောင်ခံရသည်။

သို့သော် မျှော်မှန်းထားသလို ဘယ်တော့မှဖြစ်မလာပါ။ အဘယ်ကြောင့်နည်း။ မိမိ၏လိုအင်ဆန္ဒများကို ကျေနပ်စေမည်ဟု‌ လောကမှပြောလာသည့် အရာဝတ္ထု များနှင့် မဟုတ်ဘဲ ကိုယ်တော်နှင့်ပြည့်ဝနေစေရန် ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်း ထားခြင်းကြောင့် ဖြစ်သည်။

ဤအားပြိုင်မှုက အသစ်မဟုတ်ပါ။ သုတ္တံကျမ်းက ကြွယ်ဝမှုနောက်လိုက် သည့်ဘဝနှင့် ဘုရားသခင်အားချစ်ခြင်းနှင့် ရက်ရောစွာပေးကမ်းခြင်း၌တည်သော ဘဝဟူသည့် ဘဝလမ်းနှစ်သွယ်ကို နှိုင်းယှဉ်ပြထားသည်။ The Message စာအုပ်၌ ယူဂျင်း ပီတာဆန်က သုတ္တံ ၁၁:၂၈ ကို “ရုပ်ဝတ္တုများ၌မြှုပ်နှံထားသောဘဝသည် သေဆုံးသောဘဝ၊ သစ်ငုတ်တိုဖြစ်ပြီး ဘုရားသခင်ပုံသွင်းသောဘဝသည် စိုပြေ စိမ်းလန်းသောသစ်ပင်ဖြစ်၏” ဟု စကားပြေပြန်ဆိုထား၏။

အံ့ဖွယ်ပုံရိပ်ပါတကား။ ဘဝလမ်းနှစ်သွယ် – တစ်ခုက စိမ်းလန်းစိုပြေသီးပွင့်ပြီး ကျန်တစ်ခုမှာ အနှစ်သာရမရှိ၊ ကျတ်တီးကုန်းဖြစ်သည်။ လောကကြီးမှ ရုပ်ဝတ္တု ပစ္စည်းကြွယ်ဝခြင်းသည် “ကောင်းသောဘဝ”ဖြစ်သည်ဟု ခိုင်မာစွာဆိုသည်။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က သူ၌အမြစ်စွဲရန်၊ သူ၏ကောင်းမြတ်ခြင်း ကို တွေ့ကြုံခံစားရန်၊ များစွာသီးပွင့်ကြီးပွားလာရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေသည်။ ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ရင်းနှီးဆက်ဆံရေးအားဖြင့် ကျွန်ုပ်တို့ကိုပုံသွင်းထား သည့်အတွက် ကျွန်ုပ်တို့၏နှလုံးသားနှင့် အလိုဆန္ဒများကို ဘုရားသခင်က ပြန်လည်ပုံသွင်းပေးကာ အတည့်ပြန်လှန် ပြောင်းလဲပေးပါသည်။ ADAM HOLZ