၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇၊ ရတနာသိုက်မုဆိုး သုံးဦးတို့သည် ရိုက်ကူးရေးအဖွဲ့နှင့် အတူ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဟောလီးဝုဒ်ဘိုး အားကစားကွင်း အပြင် ဘက် ကတ္တရာလမ်းကို စတင်တူးကြသည်။ လွန်ခဲ့သော ၇၅ နှစ်ခန့်က ထိုနေရာ၌ ရွှေ၊ စိန်၊ ပုလဲများမြှုပ်နှံထားသည်ဟုကောလဟာလထွက်ခဲ့သည့် ခါဝမ်းဂါ တောင်ကြား ရတနာသိုက်ကို သူတို့ရှာဖွေနေခြင်းဖြစ်သည်။

သို့သော် သူတို့ ဘာကိုမှရှာမတွေ့ပါ။ ၂၄ ရက်မျှ တူးဖော်ပြီး ကျောက်ဖျာကို ဆောင့်တူးမိတော့မှ သူတို့ရပ်လိုက်ကြသည်။ ဖြစ်မြောက်သွားသည့်အရာမှာ အကျယ် ၉ ပေ၊ အနက် ၄၂ ပေရှိသည့် တွင်းကြီးသာဖြစ်သည်။ စိတ်ပျက်လက်ပျက် နှင့် သူတို့ ထွက်သွားပါတော့သည်။

လူဆိုသည်မှာ အမှားပြုမိသည်သာ။ ကျွန်ုပ်တို့အားလုံး အမှားလုပ်မိကြသည်။ ဧဝံဂေလိခရီးစဉ်၌ မာကုသည် ပေါလုနှင့်ဗာနဗတို့နှင့် “ခွာ၍ အမှုထမ်းရာသို့ မလိုက် မသွား”ဟု ကျမ်းစာက ဆိုသည်။ ဤအကြောင်းကြောင့် ပေါလုက နောက်ခရီးစဉ် တွင် “(မာကု)ကို မခေါ်သင့်”ဟု (တ ၁၅:၃၈) သဘောထားရှိ၍ ဗာနဗနှင့် အကြီး အကျယ် သဘောကွဲလွဲခဲ့သည်။ အစောပိုင်း၌ အားနည်းချက်များရှိခဲ့ငြားလည်း၊ နှစ်များကြာပြီး နောက်ပိုင်း၌ မာကုသည် အံ့သြဖွယ်နည်းများနှင့် ပြန်ပေါ်လာခဲ့သည်။ ပေါလုသည် ထောင်၌ ကွပ်မျက်ခံရမည့်အချိန်စောင့်ရင်း အထီးကျန်နေသည့် အချိန်တွင် မာကု အကြောင်းမေးစမ်းခဲ့ပြီး “(မာကု) သူသည် ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏”ဟု (၂ တိ ၄:၁၁) ပြောခဲ့သည်။ ဘုရားသခင်သည် သူ့နာမတော်ကို ဖော်ကျူးသည့် ခရစ်ဝင်ကျမ်းကိုပင် ရေးသားရန် မာကုအား တို့ထိနိုးဆော်ခဲ့သည်။

မိမိ၏အမှားများနှင့်ကျရှုံးမှုများကို ကျွန်ုပ်တို့တစ်ဦးတည်းရင်ဆိုင်ရန် ဘုရားရှင် ပစ်မထားကြောင်း မာကု၏အသက်တာက ဖော်ပြနေပါသည်။ ကျွန်ုပ်တို့၌ အမှား အားလုံးထက် ကြီးမြတ်သည့်မိတ်ဆွေစစ်ရှိပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် နောက်တော်သို့လိုက်လျှောက်စဉ် ကျွန်ုပ်တို့လိုအပ်သည့်ကူညီမစမှုနှင့် ခွန်အားကို ထိုအရှင် ပံ့ပိုးထောက်ပံ့ပေးလိမ့်မည်။ JAMES BANKS