အဲလက်စာ အမည်ရှိ အသံထိန်းချုပ်နိုင်သောစနစ်ရှိသည့် စက်ပစ္စည်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော စွမ်းဆောင်ရည်ရှိသည်။ ၎င်းသည် ကျွန်တော်တို့ ပြောခဲ့သမျှအရာအားလုံးကို ဖျက်ပစ်နိုင်သောအစွမ်းရှိသည်။ အဲလက်စာအား စေခိုင်းသမျှအရာအားလုံး၊ သင်မေးမြန်းသည့် သတင်းအချက်အလက်အားလုံး တို့ကို တစ်ခါမှမပြောဖူးခဲ့သလို၊ တစ်ခါမှ မဖြစ်ဖူးခဲ့သလို “ဒီနေ့ပြောခဲ့သမျှအရာ အားလုံးကို ဖျက်လိုက်ပါ” ဟု ရိုးရှင်းသောစကား တစ်ခွန်းနှင့်ပင် ချေဖျက်ပစ်လိုက် နိုင်သည်။ ကျွန်ုပ်တို့ဘဝတွင် ထိုကဲ့သို့အစွမ်းမရှိသည်မှာ နှမြောစရာကောင်းလှသည်။ ပြောမှားဆိုမှားစကားလုံးများ၊ အပြုအမူအမှားများ၊ မေ့ပျောက်ဖျက်ပစ်ချင်သောအချိန်များအားလုံးကို အမိန့်လေးတစ်ချက်ပေးရုံဖြင့် ရှုပ်ယှက်ခတ်နေသော အရာအားလုံး ယူပစ်သလို ပျောက်သွားနိုင်သည်။

သို့သော် သတင်းကောင်းတစ်ခုရှိပါသေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အသစ်သော၊ သန့်ရှင်းသောအစပြုမှုကို ပေးထားသည်။ ကျွန်ုပ်တို့၏အမှား၊ မှားယွင်းသော အပြုအမူများအားလံုးကိုချေဖျက်ပစ်ယုံမက ကျွန်ုပ်တို့အား ပြုပြင် ပြောင်းလဲ၍ အသစ်ဖြစ်စေသည့် ရွေးနုတ်ကယ်တင်ခြင်းအမှုကိုလည်း ပြုတော်မူ သည်။ ဟေရှာယ ၄၄:၂၂ တွင်“ငါ့ထံသို့ပြန်လာသောသင့်ကို ငါရွေးနုတ်ပြီ”ဟု ဘုရားရှင်မိန့်မြွက်သည်။ ဣသရေလလူတို့သည် ဘုရားစကားနားမထောင်၊ ပုန်ကန် ခဲ့ကြသော်လည်း၊ ဘုရားသခင်သည် ကြီးမားကျယ်ပြန့်သောကရုဏာတော်နှင့် ဆွဲခေါ်သည်။ “သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့ လည်းကောင်း၊ သင်၏အပြစ် တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ” ဟု ဖော်ပြထားသည်(:၂၂)။ ဣသရေလလူတို့၏ရှက်ကြောက်စရာ၊ အားနည်းချို့ယွင်းမှုများကို သူ၏ကြီးမားကျယ်ပြန့်လှသောမေတ္တာကရုဏာဖြင့် သိမ်းကျံုးပယ်ဖျက်ရှင်းပစ်လိုက်သည်။

ကျွန်ုပ်တို့၏အပြစ်၊ မှားယွင်းခြင်း ရှက်ကြောက်ခြင်းများအားလုံးကိုလည်း ဘုရားသခင်သည် ထိုကဲ့သို့ ချေဖျက်ပေးမည်ဖြစ်သည်။ ဘုရားသခင် မပြုပြင်နိုင် သောအမှား၊ မကုသနိုင်သော အနာတစ်စုံတစ်ခုမှမရှိပါ။ အချိန်ကြာမြင့်စွာ နက်ရှိုင်း သောစိတ်တွင် ကျွန်ုပ်တို့ဝှက်ထား​သော စိတ်ဒဏ်ရာအားလံုးကို ထာဝရဘုရား၏ ကရုဏာတော်သည် ကုသရွေးနုတ်ပေးနိုင်သည်။ ထာဝရဘုရား၏မေတ္တာသည် ကျွန်ုပ်တို့၏အပြစ်အလုံးစုံ၊ နောင်တအလံုးစုံကို ချေဖျက်ပေးသည်။ WINN COLLIER