ထာဝရဘုရားသည် လူတို့မျက်စိလျှမ်းသွားသူများကို အသံုးပြုလိုသည်။ ဝီလီယမ် ကယ်ရီ သည် ၁၇၀၀ ပြည့်နှစ်အစောပိုင်းက သေးငယ်သော ရွာလေးတစ်ရွာတွင် မွေးဖွားကြီးပြင်းလာခဲ့ပြီး ပညာလည်း အနည်းငယ်သာတတ်သည်။ သူရွေးချယ်ခဲ့ သည့် ကုန်သည်အလုပ်ကလည်း မအောင်မြင်သလောက်ဖြစ်ပြီး ဆင်းရဲစွာ နေထိုင် ခဲ့ရသည်။ သို့သော် ဘုရားသခင်သည် သတင်းကောင်းဝေငှလိုသည့်စိတ်ဇောကို သူ့အားပေးခဲ့ပြီး သာသနာပြုတစ်ဉီးဖြစ်စေခဲ့သည်။ ကယ်ရီသည် ဂရိဘာသာ၊ ဟေဗြဲဘာသာနှင့် လက်တင်ဘာသာ စကားများ လေ့လာခဲ့ပြီး ဘင်္ဂါလီ ဘာသာသို့ ဓမ္မသစ်ကျမ်းကို ပထမဉီးဆံုး ဘာသာပြန်ဆိုခဲ့သည်။ ယနေ့ခေတ်တွင် သူသည် မျက်မှောက်ခေတ်သာသနာဖခင်ကြီးဟု သတ်မှတ်ခြင်းခံရသည်။ သူ့တူထံ ရေး‌သောစာတွင် “နှေးပေမဲ့ ငါဆက်လုပ်နိုင်တယ်။ အခက်အခဲရှိလည်း ငါဇွဲနဲ့ ဆက်လုပ်နိုင်တယ်” ဟု သူ၏စွမ်းရည်အပေါ်စိတ်နှိမ့်ချမှုသဘောကိုတွေ့ရသည်။

ထာဝရဘုရားသခင်သည် အလုပ်တာဝန်တစ်ခုပေးအပ်ပါက မိမိ၌မည်သည့် အားနည်းချို့ယွင်းချက်ရှိနေပါစေ စွမ်းဆောင်နိုင်သည့်ထက်သာလွန်သော ခွန်အား အစွမ်းကိုပါပေးသည်။ တရားသူကြီးမှတ်စာ ၆:၁၂ တွင် “ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍၊ ခွန်အားကြီးသောအချင်းသူရဲ၊ ထာဝရ ဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏” ဟု ဖော်ပြထားသည်။ ကောင်းကင်တမန်က ဂိဒေါင်အား ဣသရေလလူမျိုးများကို မိဒျန်လူတို့လက်မှကယ်နှုတ်ရန် ပြောခဲ့သည်။ သို့သော် အားကြီးသည့်သူရဲဘွဲ့မရသူ ဂိဒေါင်သည် နှိမ့်ချကျိုးနွံစွာဖြင့် “အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။… အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆံုး သောသူဖြစ်ပါ၏” ဟု လျှောက်ခဲ့သည်(:၁၅)။ သည့်တိုင် ထာဝရဘုရားသည် ဂိဒေါင်အားဖြင့် ဣသရေလလူတို့ကို ကယ်ခဲ့သည်။

“ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏”ဟူသောစကားသည် ဂိဒေါင် အောင်မြင်ရခြင်း၏အဓိကသော့ချက်ဖြစ်သည်(:၁၂)။ ကျွန်ုပ်တို့သည် ကယ်တင်ရှင် နှင့် နှိမ့်ချစွာလျှောက်လှမ်းပြီး သူ့ကိုအမှီပြုအားကိုးပါက သူ့အားဖြင့်သာ အမှုအရေး ကိစ္စများ အောင်မြင်ပြီးမြောက်စေရန် ခွန်အားပေးပါလိမ့်မည်။ JAMES BANKS