ဒေသခံအသင်းတော်တစ်ခု၏ “ငါးပတ်တာ” ဆုတောင်းခြင်းသင်တန်းတွင် သင်ခန်းစာပို့ချပေးရန် သဘောတူလိုက်ပြီးကာမှ “သင်တန်းသားတွေ သဘောကျ ပါ့မလား။ ကျွန်မကိုရော သဘောကျပါ့မလား” ဟု ကျွန်မစိုးရိမ်မိသည်။ ကျွန်မ၏ စိုးရိမ်သောကက တလွဲအာရုံစိုက်သလိုဖြစ်ပြီး သင်ခန်းစာများ၊ ရုပ်ပုံဇယားများဖြင့် တင်ပြမှု၊ ဝေငှမည့်မှတ်စု စသည့်တို့ကို အလွန်အကျွံပြင်ဆင်မိတော့သည်။ သင်တန်းပေးရန် တစ်ပတ်အလိုရောက်သည့်တိုင် သင်တန်းလာတတ်ရန် လူများစွာကို ကျွန်မမတိုက်တွန်းခဲ့ပါ။

သို့သော် ထိုသင်တန်းသည် ဘုရားသခင်အပေါ် အလင်းထွန်းလင်းစေမည့် အစေခံမှုတစ်ခုဖြစ်ကြောင်း ဆုတောင်းရင်းမှ သတိပေးခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား ကောင်းကင်ဘုံရှင်အဘဘုရားထံပြညွှန်မည့်သင်တန်း အဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် လူရှေ့စကားပြောရန် စိုးကြောက်သည့်စိတ် ကို ဘေးဖယ်ထားနိုင်ခဲ့တော့သည်။ သခင်ယေရှုသည် တောင်ပေါ်ဒေသနာတွင် တပည့်တော်များကို သွန်သင်ရာ၌ “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ၊ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ တင်ထားလေ့ရှိ၏”(မ ၅:၁၄-၁၅)ဟုမိန့်ကြားခဲ့သည်။

ထိုကျမ်းချက်ကိုဖတ်ပြီး၊ နောက်ဆုံး၌ သင်တန်းရှိကြောင်း အွန်လိုင်းမှကြေညာ လိုက်သည်။ ချက်ခြင်းဆိုသလိုပင် လူများစွာတို့က ကျေးဇူးတင်ကြောင်း စိတ် လှုပ်ရှားမှုဖြင့် တုံ့ပြန်ကာ စာရင်းပေးသွင်းကြသည်။ ထိုအခါ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေ ကြလော့”(:၁၆) ဟူသည့် သခင်ယေရှု၏ သွန်သင်ချက်ကို တိုး၍ဆင်ခြင်မိသည်။

ထိုအမြင်သစ်ဖြင့် သင်တန်းကိုဝမ်းမြောက်ခြင်းဖြင့် ကျွန်မပို့ချခဲ့သည်။ ကျွန်မ၏သာမန်လုပ်ရပ်လေးသည် မီးပြတိုက်ဖြစ်လျက် အခြားသူများလည်း ဘုရားသခင်အတွက် ၎င်းတို့၏အလင်းကို ထွန်းလင်းရန် အားပေးမှုဖြစ်ပါမည့် အကြောင်း ကျွန်မဆုတောင်းမိပါတော့သည်။PATRICIA RAYBON