နွေဦးအစရာသီသည် လန်းဆန်းလွန်းလှသဖြင့် ကျွန်တော်၏ခရီးသွားဖော် ချစ်ဇနီး အတွက် သည့်ထက်ပို၍ဆိုဖွယ်မရှိတော့ပါ။ သို့သော် ကျွန်တော်လမ်းကြောင်းမှားနေခြင်းကို သတိပေးသည့် အနီအဖြူရောင်ဆိုင်းဘုတ် ပေါ်မလာလျှင် အတူရှိနေ ရသည့် လှပသောထိုအချိန်အခိုက်အတန့်လေးသည် မ‌နှေးအမြန် ပျက်စီးသွား မည်ပင်။ ယာဥ်ကြော၌ လွတ်လွတ်ကင်းကင်း မမောင်းသဖြင့် မဝင်ရဟူသည့် ဆိုင်းပုဒ်ကို နီးမှဘွားကနဲမြင်လိုက်ရသဖြင့် ယာဥ်ကြောအမှန်သို့ အမြန်ပြန်မောင်း ခဲ့ရသည်။ သို့သော်လည်း လမ်းမှားနေသည်ဟု သတိပေးချက်ကို လစ်လျူရှုခဲ့ပါက ကျွန်တော်ကိုယ်တိုင်နှင့် ဇနီးသည်အပါအဝင် အခြားသူများအပေါ် မည်မျှ အန္တရာယ်ရောက်စေနိုင်မည်ကို တွေးမိပြီး တုန်လှုပ်မိပါသည်။

အမှားပြင်ဆင်ခြင်း၏အရေးကြီးပုံကို ရှင်ယာကုပ်က သူရေးသားသည့် စာစောင်၏အဆုံးတွင် ဖော်ပြထားသည်။ နာကျင်စေခံစားရစေမည့်လမ်း၊ အပြုအမူ၊ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုဆန္ဒများမှမိမိကိုပြန်လည်ဆွဲခေါ်မည့် ဂရုစိုက်သူများကို မလိုအပ်သူ ကျွန်ုပ်တို့တွင် မည်သူရှိသနည်း။ ရဲရင့်စွာဖြင့် တစ်စုံတစ်ယောက်က မှန်သောအချိန်တွင် ကြားဝင်မကူညီခဲ့ပါက မိမိကိုယ်ကို (သို့) သူတစ်ပါးတို့အား မည်မျှအနာတရဖြစ်စေမည်ကို မည်သူသိပါသနည်း။

“အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည် ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ” (၅:၂၀)ဟု ကြင်နာစွာအမှားပြင်ပေးခြင်း၏တန်ဖိုးကို ရှင်ယာကုပ် အလေးထား ဖော်ပြသည်။ အမှားပြင်ပေးခြင်းသည် ဘုရားသခင်၏ကရုဏာကို ဖော်ပြခြင်းဖြစ်သည်။ တစ်ပါးသူအကျိုးအတွက် ကျွန်ုပ်တို့မေတ္တာထားခြင်း၊ စိုးရိမ်ပူပန်ခြင်း‌ကြောင့် မဖြစ်မနေပြောရသည့်စကား၊ လုပ်ရသည့်အရာများက ထိုသူကို “မှားယွင်းသောလမ်းမှပြန်လှည့်စေရန်”အတွက် (:၂၀) ဘုရားရှင် အသုံးပြုပါစေ။ ARTHUR JACKSON