အိမ်စောင့်သူနာပြုက “အစ်မအဖေက အချိန်မရွေး ဆုံးသွားနိုင်တယ်”ဟုပြော သည်။ “Actively dying” ဟူသောစကားသည် သေဆုံးခြင်းဖြစ်စဉ်၏ နောက်ဆုံး ဖြစ်စဉ် ဖြစ်ပြီး ပြန်လမ်းမရှိသော တစ်လမ်းမောင်းလမ်းတွင် တစ်ယောက်တည်း ထူးဆန်းစွာ ခရီးနှင်နေရသလို ခံစားရစေပါသည်။ အဖေ့၏နောက်ဆုံးနေ့တွင် အဖေကြားမကြား မသေချာသော်လည်း ကျွန်မနှင့်ညီမလေးတို့သည် အဖေ့ကုတင် အနီးတွင် ထိုင်ကြသည်။ ခန့်ညားသောသူ့နဖူးပြောင်ပြောင်ကြီးကို နမ်းသည်။ ဘုရားရှင်၏ကတိတော်များကို သူကြားအောင် တိုးတိုးလေးရွတ်ပေးသည်။ “Great is Thy Faithfulness” သီချင်းကိုဆိုပြီး ဆာလံ ၂၃ ကို ရွတ်ကြသည်။ သူ့ကို ကျွန်မတို့ချစ်ကြောင်းနှင့် ဖခင်အဖြစ်ရပ်တည်ပေးခဲ့သောကြောင့် ကျေးဇူးတင် ကြောင်း ပြောကြသည်။ သူ၏နှလုံးသားသည် သခင်ယေရှုနှင့်အတူရှိနေလိုပြီဟု သိသောကြောင့် “အဖေသွားလို့ရပြီနော်”ဟုပြောလိုက်သည်။ လူတစ်ယောက်ကို လက်လွတ်လိုက်ချိန်တွင်ထိုစကားကိုပြောရခြင်းသည် ပထမအဆင့်အနာကျင်ဆုံး ဖြစ်သည်။ မိနစ်အနည်းငယ်အကြာတွင် အဖေသည် သူ၏ထာဝရအိမ်တော်သို့ ဝမ်းမြောက်စွာဖြင့် ကြိုဆိုပို့ဆောင်ခံရပါတော့သည်။

မိမိချစ်ရသောသူကို နောက်ဆုံးလက်လွတ်လိုက်ရခြင်းသည် အလွန်နာကျင်စရာဖြစ်သည်။ သခင်ယေရှုပင် သူ့မိတ်ဆွေကောင်းလာဇရု ဆုံးသွားသောအခါ မျက်ရည်ကျခဲ့သည် (ယော ၁၁:၃၅)။ သို့သော် ဘုရားရှင်ပေးထားသော ကတိတော်ကြောင့် ရုပ်ခန္ဓာကိုရုပ်သိမ်းခြင်းထက်သာလွန်သော မျှော်လင့်စရာများ ကျွန်မတို့တွင် ရှိပါသည်။ ဆာလံကျမ်း ၁၁၆:၁၅တွင် ဘုရားရှင်နှင့်သက်ဆိုင်သူ၊ သူ၏သစ္စာရှိသော ငယ်သားကောင်း – သန့်ရှင်းသူများသည် ကိုယ်တော့်အတွက် အဖိုးတန်ပါသည်။ သူတို့ သေဆုံးသွားသော်လည်း နောက်တစ်ကြိမ် ပြန်ရှင်မည်ဖြစ်သည်။

“…ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူသည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်”ဟု သခင်ယေရှုကတိပေးသည်(ယော ၁၁:၂၅-၂၆)။ ဘုရားရှင်၏ မျက်မှောက်တော်တွင် ထာဝရနေရမည်ဟုသိခြင်းက အလွန်နှစ်သိမ့်သက်သာပင်တည်း။ CINDY HESS KASPER