တောင်အာဖရိက၏အရက်စက်ဆုံးအကျဉ်းထောင်ထဲရှိ အမျိုးသားအကျဉ်းသား များအတွက် အမှုတော်လုပ်ငန်းတွင် ဂျိုအန်းနာ ဖလန်းဒါးစ်-သောမတ်စ်သည် နှလုံးသားများကို ပြောင်းလဲပေးသော ခရစ်တော်၏တန်ခိုးတော်ကို ကိုယ်တိုင်မြင်ခဲ့ ရသည်။ ဆရာကြီး ဖိလစ်ယန်စေ၏ Vanishing Grace စာအုပ်တွင် သူမ၏ အတွေ့အကြုံကို ဖော်ပြထားသည်။ “ဂျိုအန်းနာ သည် ထောင်သို့နေ့တိုင်း သွားရောက်ပြီး ရိုးရှင်းသည့် ခွင့်လွှတ်ခြင်းနှင့်ရန်ငြိမ်းခြင်း ဧဝံဂလိတရားစကားကို သူတို့ထံ ယူဆောင်ပေးခဲ့သည်။ သို့နှင့် သူတို့၏ယုံကြည်မှုကိုရပြီး ၎င်းတို့ကလေး ဘဝက ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည့်အကြောင်းများကို ဖွင့်ဟပြောပြလာသည်။ သူက နားထောင်ပေးပြီး ပို၍ကောင်းသောနည်းလမ်းဖြင့် ပဋိပက္ခများကို ဖြေရှင်းရန် လမ်းပြခဲ့သည်။ သူထောင်သို့ မသွားရောက်မီ ယခင်နှစ်က ထောင်၌ ထောင်သားနှင့် ထောင်မှူးများအပေါ်အကြမ်းဖက်မှု ၂၇၉ ခု မှတ်တမ်းရှိခဲ့ပြီး နောက်နှစ်တွင် ၂ ခုသာ ရှိတော့သည်” ဟု ဖော်ပြထားသည်။

ရှင်ပေါလုကလည်း “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင် သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့ သည် အသစ်ဖြစ်ကြပြီ” (၂ကော ၅:၁၇) ဟုရေးသားခဲ့သည်။ ဂျိုအန်းနာ မြင်ရသကဲ့သို့ အံ့သြဖွယ်အသစ်ဖြစ်ခြင်းကို ကျွန်ုပ်တို့မြင်ချင်မှ မြင်မည်။ သို့သော် ပြောင်းလဲမှုကိုဖြစ်စေသည့် ဧဝံဂလိတရား၏တန်ခိုးတော်သည် စကြဝဠာတစ်ခွင်တွင် အကြီးမားဆုံးသောမျှော်လင့်ခြင်းကိုပေးသည့် တွန်းအားဖြစ်သည်။ အသစ်သော သတ္တဝါဖြစ်ခြင်းသည် အံ့သြဖွယ်ရာပါ။ သခင်ယေရှု၏အသေခံခြင်းသည် သူနှင့်သဏ္ဌာန်တူလာအောင်ပုံသွင်းပြုပြင်မည့်လမ်းခရီးကို အစပြုစေပြီး ထိုခရီးသည် သခင့်အား မျက်နှာချင်းဆိုင်မြင်မှဆုံးမည့် လမ်းခရီးဖြစ်သည်(၁ယော ၃:၁-၃)။

သခင်ယေရှုကိုယုံကြည်သူအနေဖြင့် အသစ်ဖန်ဆင်းသောဘဝကို ကျွန်ုပ်တို့ ရှင်သန်ကြသည်။ သို့သော် ထိုအရာအတွက် ခရစ်တော်ပေးခဲ့ရသော အဖိုးအခကို ဘယ်သောအခါမျှ မေ့မသွားသင့်ပါ။ သူ၏အသေခံခြင်းသည် ကျွန်ုပ်တို့အတွက် အသက်ရှင်ခြင်းအကြောင်းကို ဖြစ်စေပါသည်။ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ်မည်အကြောင်းတည်း” (၂ကော ၅ :၂၁)။ BILL CROWDER