အပန်းဖြေခရီး၏ပထမခြေလှမ်းအဖြစ် ကားစထွက်သည်နှင့် ကျွန်တော့်ဇနီးက သုံးနှစ်အရွယ် မြေးလေး အော်စတင်ကို “ဖွားဖွားတို့ အပန်းဖြေခရီး သွားကြမယ်” ဟု စိတ်အားထက်သန်စွာနှင့်ပြောလိုက်သည်။ အော်စတင်လေးက တွေးတွေးဆဆ နှင့် အဖွားဖြစ်သူကိုကြည့်လိုက်ပြီး “သားက အပန်းဖြေခရီးသွားတာ မဟုတ်ဘူး၊ အထူး တာဝန်ဆောင်ရွက်ဖို့ သွားတာပါ ”ဟု တုံ့ပြန်လိုက်သည်။

“အထူးတာဝန်”ဆောင်ရွက်ရန်သွားသည်ဟူသောအတွေးကို မြေးလေး ဘယ်က ရလာသည်ကိုမသိသော်လည်း လေယာဉ်ကွင်းသို့သွားသည့်လမ်း တစ်လျှောက် သူ့မှတ်ချက်က ကျွန်တော်အတွက် စဉ်းစားစရာဖြစ်ခဲ့သည်။ ဤအပန်းဖြေခရီး ထွက်လာပြီး ရက်အနည်းငယ်အနားယူနေစဉ် ဘုရားသခင်နှင့် အတူ၊ ဘုရားသခင်အတွက် အချိန်တိုင်း အသက်ရှင်ခြင်းဟူသော “အထူးတာဝန်” ကို ကျွန်တော် ဆောင်ရွက်နေကြောင်း စိတ်ထဲသိမှတ်ပါသလား။ မိမိလုပ်ဆောင် သည့်အရာတိုင်း၌ အရှင့်အား အစေခံရန် သတိရပါသလား။

တမန်တော်ရှင်ပေါလုက ရောမအင်ပါယာ၏မြို့တော် ရောမမြို့ရှိ ယုံကြည်သူ များအား “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့”(ရော ၁၂:၁၁)ဟု အားပေးခဲ့သည်။ သူ၏ဆိုလိုချက်မှာ ရှင်ယေရှု၌ရှိသော ကျွန်ုပ်တို့၏ဘဝသည် ရည်ရွယ်ချက်ရှိရှိ၊ စိတ်အားထက်သန်စွာဖြင့် အသက်ရှင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားရှင်ထံမျှော်လင့်ခြင်းဖြင့်မျှော်ကြည့်ပြီး သူ့ရည်ရွယ်ချက်အတွက် အသက်ရှင်ပါက သာမန်အချိန်များ၌ပင်လျှင် အဓိပ္ပာယ်အသစ်ရရှိနိုင်သည်။

လေယာဉ်ပေါ်တွင် မိမိတို့ထိုင်ခုံ၌နေရာယူပြီးနောက် “သခင်ဘုရား၊ ကျွန်ုပ်ကို ကိုယ်တော် ပိုင်ပါ၏။ ဤခရီး၌ သခင်ကျွန်ုပ်ကိုလုပ်စေလိုသည့်အရာ မှန်သမျှ လွတ်မသွားရန် ကျေးဇူးပြု၍မစမူပါ”ဟု ကျွန်တော်ဆုတောင်းလိုက်သည်။

နေ့ရက်တိုင်းသည် ကိုယ်တော်နှင့်အတူ ထာဝရအရေးပါသည့် အထူးတာဝန်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ JAMES BANKS