ဖီလာဒဲဖီးယားမြို့၌ ပေါင်းပင်များထူထဲစွာပေါက်ရောက်နေသော မြေလွတ်မြေရိုင်းကို ရှင်းလင်းပြီး လှပသောပန်းပင်၊ သစ်ပင်မျိုးစုံဖြင့် ပြောင်းလဲလိုက်သောအခါ ထို ဝန်းကျင်၌နေထိုင်သူများ၏ စိတ်ကျန်းမာရေးလည်း တိုးတက် ကောင်းမွန်လာသည်။ အထူးသဖြင့် စီးပွားရေးနှင့်ရုန်းကန်နေရသူများအတွက် အကျိုးဖြစ်ထွန်းခဲ့သည်။

“စိမ်းလန်းစိုပြေသောနေရာများသည် စိတ်ကျန်းမာရေးအတွက် အကျိုးရှိကြောင်း သက်သေပြနိုင်သည့် အထောက်အထားများ များပြားလာသည်။ ဆင်းရဲ နွမ်းပါးသည့်နေရာတွင်နေထိုင်သူများအတွက် ၎င်းသည် အထူးအရေးကြီးသည်”ဟု ဒေါက်တာ ယူဂျင်းနီးယား စောသ် က ပြောကြားသည်။ သူသည် ပင်ဆယ် ဗေးနီးယား တက္ကသိုလ်၊ ဖယ်ရယ်မန်း ဆေးကျောင်း၏ တက္ကသိုလ်ဆရာများ အသင်းဝင်ဖြစ်ပြီး ဤဘာသာရပ်နှင့် စပ်လျဥ်း၍ သုတေသနပြုချက်များကို ရေးသားသူ တွဲဖက်စာရေးဆရာ ဖြစ်သည်။

ဖိနှိပ်ခံဣသရေလနှင့်ယုဒလူများသည် ပရောဖက်ဟေရှာယ၏ရူပါရုံမှ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို ပြန်လည်ပြုပြင် တည်စေလျက် တင့်တယ်လှပစေပြီတကား။ ဟေရှာယကြိုတင်ဟောထားသည့် ကြမ္မာဆိုးနှင့်တရားစီရင်ခြင်းများ အလယ်တွင် “တောနှင့်လွင်ပြင်သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်းရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့် လိမ့်မည်။ အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွမြူးတူးလိမ့်မည်”(ဟေရှာ၃၅:၁-၂)ဟူသည့်ကတိတော်က အမြစ်စွဲပြီ။

ယနေ့တွင် ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိပါလေစေ၊ ကောင်းကင်ဘုံရှင် အဘ၏ဖန်ဆင်းခြင်းလက်ရာအပါအဝင် သစ်လွင်သောမျှော်လင့်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ကို ပြန်လည်အားပြည့်စေသည့် အရှင်၏လှပသည့်နည်းလမ်းများ၌ ကျွန်ုပ်တို့လည်း ရွှင်လန်းဝမ်းမြောက်နိုင်ပါသည်။ ကျွန်ုပ်တို့စိတ်ဓာတ်ကျသည့် အခါ၌ ဘုရားရှင်၏အံ့မခမ်းသောဘုန်းအသရေက ကျွန်ုပ်တို့ကို အားပေးပံ့ပိုး လိမ့်မည်။ “အားမရှိ သောလက်တို့ကို ခိုင်ခံစေ ကြလော့။ လှုပ်တတ်သောဒူးတို့ကို မြဲမြံစေကြလော့” ဟု ဟေရှာယ အားပေးခဲ့သည် (:၃)

အနည်းငယ်သောပန်းလေးများက မျှော်လင့်ခြင်းကို ပေးနိုင်မည်လား။ ပရောဖက်ကြီးနှင့် မျှော်လင့်ခြင်းပေးသောအရှင်က ပေးနိုင်ပါကြောင်း အဖြေပေး နေသည်။ PATRICIA RAYBON