နိုရာသည် အရွယ်သေးကွေးသော်လည်း အရပ် ၆ ပေမြင့်ပြီး ရန်လိုသောအမျိုးသမီး ဘရစ်ဂျစ်၏ စိန်းစိန်းဝါးဝါးအကြည့်က သူ့ကို မတုန်လှုပ်စေပါ။ ဤကိုယ်ဝန်ဆောင် ကုသရေးစင်တာသို့ ဘာ့ကြောင့်ရောက်လာသည်ကိုပင် ဘရစ်ဂျစ်မပြောနိုင်။ “ဤ…ကလေးကို ဖျက်ချပစ်မည်”ဟု သူစိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် နိုရာ က သူ့ကို ညင်သာစွာမေးခွန်းများမေးသော်လည်း ဘရစ်ဂျစ်က လေးစားမှုမရှိဘဲ ရိုင်းရိုင်းစိုင်းစိုင်း တဖျစ်တောက်တောက်နှင့် စကားလွဲပစ်သည်။ မကြာမီမှာပင် ဘရစ်ဂျစ် ပြန်ရန်ပြင်လိုက်ပြီး ပြောင်ပြောင်တင်းတင်းပင် သူ့ကိုယ်ဝန်ကို ဖျက်ချရန် စိတ်ပိုင်းဖြတ်ထားကြောင်းပြောသည်။

ဘရစ်ဂျစ်နှင့် တံခါးကြားမှ သူ့ကိုယ်သေးသေးလေး လျှိုထွက်လာပြီး “ရှင် မပြန်ခင် ကျွန်မ ရှင့်ကိုဖက်ပြီး ဆုတောင်းပေးပါရစေ”ဟု နိုရာက ပြောလိုက်သည်။ ယခင်က စိတ်ကောင်းနှလုံးကောင်းနှင့် မည်သူမျှ ဘရစ်ဂျစ်ကို တစ်ခါမှ မထွေးပွေ့ ကြဖူးပါ။ ရုတ်တရက် မမျှော်လင့်ဘဲ ဘရစ်ဂျစ် မျက်ရည်များကျလာသည်။

ဣသရေလလူမျိုးတော်ကို “ထာဝရမေတ္တာ”နှင့်ချစ်သည့် ဘုရားသခင်၏ နှလုံးသားကို နိုရာက လှပစွာ ထင်ဟပ်ပြခဲ့သည် (ယေ ၃၁:၃)။ ဘုရားရှင်၏ ညွှန်ကြားချက်များကို သူတို့ဆက်တိုက်ချိုးဖောက်ခဲ့၍ ပြင်းထန်သောရလဒ် အကျိုးဆက်များနှင့် လူမျိုးတော်တို့အလဲလဲအပြိုပြိုဖြစ်နေသည်။ သို့သော် ဘုရားရှင်က “ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။… သင့်ကိုတစ်ဖန် ငါတည်ဆောက်”မည်ဟု မိန့်ကြားခဲ့သည် (:၃-၄)။

ဘရစ်ဂျစ်၏နောက်ကြောင်းရာဇဝင်က ရှုပ်ထွေးသည်။ ( သဘောပေါက်မည်ဟု ထင်ပါသည်)။ ထိုနေ့က မေတ္တာစစ်သို့ မတိုးဝင်မိမချင်း ဘုရားသခင်နှင့် သူ့ နောက်တော်လိုက်များသည် သူ့ကိုပြစ်တင်ဝေဖန်မည်ဟုသာ ဘရစ်ဂျစ် ယုံကြည် ထားသည်။ သို့သော် နိုရာက တစ်မူထူးခြားစွာ မိမိစိတ်ကူးတွေးမိသည်ထက် ကျွန်ုပ် တို့ကိုချစ်သည့်ဘုရား၊ ကျွန်ုပ်တို့၏အပြစ်ကို မသိကျိုးကျွန် မပြုသည့် ဘုရားရှင်ကို ပြခဲ့သည်။ ကိုယ်တော်သည် လက်တော်ဖွင့်လျက် ကျွန်ုပ်တို့ကိုကြိုဆိုနေသည်။ ကျွန်ုပ်တို့သည် အထံတော်မှထွက်ပြေးရန် အကြောင်းမရှိပါ။ TIM GUSTAFSON