ကျွန်မတို့ဇနီးမောင်နှံသည် ဝိုင်ယိုးမင်းတောင်ပေါ်ရှိ ထောင့်တစ်နေရာကို လေ့လာ စူးစမ်းကြစဉ် ဆူးပင်ပေါက်၊ ရှားစောင်း စသည်တို့သာ ပေါက်ရောက်သည့် ကျောက်ပေါသည့် ခြောက်သွေ့မြေတွင် နေကြာပင်တစ်ပင်ကို တွေ့လိုက်ရသည်။ အိမ်တွင်းအလှစိုက်နေကြာလောက် အပင်မမြင့်သော်လည်း တောက်ပစွာ ပွင့်လန်းနေသဖြင့် ကြည့်ရင်း ကျွန်မအားရနှစ်သက်မိပါသည်။

ခြောက်သွေ့ကြမ်းတမ်းသောမြေ၌ မြင်ရသည့် မျှော်လင့်မထားသည့် အရောင် ​တောက်တောက်လေးက ဘဝအသက်တာဟူသည် သခင်ယေရှုကိုယုံကြည်သူ များ၏ အသက်တာပင်လျှင် ခြောက်သွေ့လျက် လန်းဆန်းမှုမရှိသကဲ့သို့ပုံပေါ်နေကြောင်း သတိပေးလာသည်။ ဒုက္ခအခက်အခဲများက ဆာလံဆရာဒါဝိဒ် ဟစ်အော်သကဲ့သို့ပင် ကျွန်မတို့၏ဆုတောင်းသံများကို မည်သူမျှမကြား၊ ဂရုမစိုက် သည့်ပုံပေါ်နေသည်။ “အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏” (ဆာ ၈၆:၁)။ သူ့နည်းတူ ကျွန်မတို့လည်း ဝမ်းမြောက်ခြင်းကို တောင့်တမိပါသည်(:၄)။

သို့သော် ကျေးဇူးပြုတတ်သော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောဘုရား (:၁၅)၊ သူ့ထံပတ္ထနာပြုသူအပေါင်းတို့အပေါ် ကရုဏာကြွယ်ဝလျက် (:၅)၊ ထူးတော်မူသော ဘုရား(:၇) ကို ကျွန်မတို့အစေခံနေသည်ဟု ဒါဝိဒ်က ဆက်လက်၍ ကြွေးကြော်သည်။

တစ်ခါတစ်ရံ မိတ်ဆွေတစ်ဉီး၏အားပေးစကားများ၊ အားပေးစာတိုလေး၊ နှစ်သိမ့်သက်သာစေသောကျမ်းပိုဒ်၊ ပေါ့ပါးသောခြေလှမ်းနှင့် မျှော်လင့်ချက်နှင့် နေ့သစ်ကိုအစပြုရန် လှပသောအရုဏ်ဉီးမနက်ခင်း စသည်ဖြင့် ဘဝအမှောင်ကျ သည့်နေရာတွင် ဘုရားသခင်က နေကြာပန်းလေးစိုက်ထားပေးပါသည်။ တစ်နေ့တာကို ရင်ဆိုင်ရန် စောင့်ဆိုင်းနေချိန်၌ပင်လျှင် အခက်အခဲများကြားမှ ဘုရားသခင်၏မစ ကယ်တင်မှုကို ခံစားရသည်။ ထို့ကြောင့် ဆာလံဆရာနှင့် အတူ “ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဖွယ်တို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏”(:၁၀) ဟု ကြွေးကြော်ကြပါစို့။ ALYSON KIEDA