ရေကူး၊ စက်ဘီးစီးနှင့်တာဝေးပြေး သုံးမျိုးစုံ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ များသည် ပင်လယ်ပြင်၌ ပြာယာခပ်နေကြသည်။ အသက်ကယ်လှေသမားက ၎င်းတို့ကို ကူညီရန် သူ့ကယက်လှေကို အသင့်ပြင်ထားသည်။ လှေမှောက်သွားမည် ဖြစ်၍ “လှေကိုအလယ်ပိုင်းမှာ မကိုင်နဲ့နော်”ဟု သူက လက်ပန်းကျနေသည့် ရေကူး သမားများအားပြောပြီး လှေဉီးပိုင်းသို့ပြညွှန်ကာ ထိုနေရာရှိကြိုးကွင်းကိုကိုင်ရန် ညွှန်ကြား သည်။ သို့မှာသာ ၎င်းတို့ကို ကယ်မည့် လှေသမားအတွက် လုံခြုံမှုရှိမည်။

ဘဝလောကဓံနှင့် လူများက မိမိကိုဆွဲချရန် ခြိမ်းခြောက်လာတိုင်း သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် မိမိ၌ ကယ်တင်မည့်သူရှိကြောင်း ကျွန်ုပ်တို့သိသည်။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် ကိုယ်တိုင် လိုက်၍ ငါ့သိုးတို့ကို ရှာမည်။ … သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနှုတ်ဆောင် မည်” (ယေဇ ၃၄:၅-၁၂)။

၎င်းသည် တိုင်းတစ်ပါးသို့ ကျွန်ပြုခေါ်ဆောင်ခံရသည့် ဘုရားလူတို့အား စိတ်ချမှုကိုပေးသည့် ပရောဖက်ယေဇကျေလ၏စကားဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်များက သူတို့ကို လျစ်လျူရှု၊ ခေါင်းပုံဖြတ်သည်။ သူတို့အသက်ကို တန်ဖိုးမထား၊ ဘုရားသခင်၏သိုးစုထက် သူတို့ကိုယ်ကိုသာ စောင့်ရှောက် ကျွေးမွေးသည်(:၈)။ ထို့ကြောင့် ရလဒ်ကား လူတို့သည် “မြေတစ်ပြင်လုံးတွင် အရပ်ရပ်သို့ ကွဲပြားပြန့်လွင့်လျက်နေ၍ အဘယ်သူမျှ မလိုက်မရှာကြ” (:၆)။

သို့သော် “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် … ငါ့သိုးတို့ကို ရှာမည်” (:၁၁)။ ကိုယ်တော်၏ကတိတော်သည် ယခုထိတည်နေပါသည်။

မိမိဘက်မှ ဘာလုပ်ရန်လိုသနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့် သူ၏ ကတိတော်ကို ကျွန်ုပ်တို့ခိုင်မာစွာ ကိုင်စွဲရန်လိုပါသည်။ “ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်၊” ငါ့သိုးတို့ကိုငါကျွေးမည်ဟု ကိုယ်တော်မိန့်တော်မူသည်။ ကယ်နှုတ်မစမည့် ထိုကတိတော်ကို ကျွန်ုပ်တို့ မြဲစွာကိုင်စွဲသင့်ပေတော့သည်။ PATRICIA RAYBON