ကမ္ဘာတစ်ဝန်းရှိ အားကစားပွဲအခမ်းအနားနှင့် ပဒေသာကပွဲတွင် လူအချို့သည် မတ်တပ်ရပ်ပြီး သူတို့၏လက်ကို မြှောက်ကြသည်။ ခဏအကြာတွင် ၎င်းတို့အနီးရှိ လူများဆက်၍ လုပ်ကြသည့် ‘လှိုင်းပုံဖော်ခြင်း’လှုပ်ရှားမှုက ခေတ်စားပြီး လူတို့နှစ်သက်စွာလိုက်လုပ်ကြသည်။ ၎င်းသည် အဆက်မပြတ်လှုပ်ရှားရန်ဖြစ်ပြီး ခန်းမကို တစ်ပတ်ပတ်မိသည်အထိ ဆက်တိုက်ပါဝင်လုပ်ဆောင်ကြရန် ဖြစ်သည်။ တစ်ပတ်ပြည့်သွားလျှင် အစပြုခဲ့သူများမှာ ပြုံးလျက်အားရရွှင်လန်းသည်။ ထိုနောက် ဆက်ပြီး နောက်တစ်ကျော့ ပြုလုပ်ကြသည်။

မှတ်တမ်းများအရ ပထမဆုံးသော လှိုင်းပုံဖော်ခြင်းသည် ၁၉၈၁ ခုနှစ် Oakland Athletics နှင့် New York Yankees ဘေ့စ်ဘောအသင်းတို့၏ ပြိုင်ပွဲမှစတင်ခဲ့သည်ဟု ဆိုသည်။ ပျော်စရာကောင်းခြင်းကြောင့် ထိုသို့လှိုင်း ပုံဖော်ခြင်း၌ ပါဝင်ရသည်ကို ကျွန်ုပ်နှစ်သက်သည်။ ထိုသို့ လက်မြှောက် ‘လှိုင်း’ ဖော်ကြစဉ် ခံစားရသည့် ပျော်ရွှင်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုက ဧဝံဂေလိတရား ကို သတိရတွေးမိစေပါသည်။ ရှင်ယေရှုအားဖြင့်ဖြစ်သည့် ကယ်တင်ခြင်း သတင်းကောင်းသည် ချီးမွမ်းခြင်းနှင့်မျှော်လင့်ခြင်း၌တည်နေသည့် နေရာ ခပ်သိမ်းရှိ ယုံကြည်သူများအား ညီညွတ်စည်းလုံးစေသည်။ ထို‘အန္တိမလှိုင်း’သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ယေရုရှလင်မြို့၌ အစပြုခဲ့သည်။

ကောလောသဲအသင်းတော်သို့ စာရေးသားရာ၌ ရှင်ပေါလုက “သမ္မာတရား တည်းဟူသော ဧဝံဂေလိတရားသည် လောကီနိုင်ငံတစ်လျှောက်လုံးကို နှံပြားသည် နှင့် သင်တို့ရှိရာသို့ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏”(:၆) ဟု ရေးသားခဲ့သည်။ ဤသတင်းကောင်း၏ သာမန်ရလဒ်မှာ ယုံကြည်ခြင်းနှင့်ချစ်မေတ္တာဖြစ်ပြီး ကျွန်ုပ်တို့အတွက် ကောင်းကင်နိုင်ငံ၌ သိုထားသည့်မျှော်လင့်ခြင်းမှ ထွက်ပေါ်လာပါသည် (:၅)။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် အကြီးမြတ်ဆုံးသော လှိုင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ ဆက်လက်လှုပ်ရှားပါ။ ဝိုင်းတစ်ပတ် ပြည့် သွားလျှင် အစပြုခဲ့သူ ဘုရားရှင်၏အပြုံးကို ကျွန်ုပ်တို့မြင်ရလိမ့်မည်။ JAMES BANKS