ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ုပ်အဖေက အမေ့ထံပို့သည့်စာများကို မကြာမီက ကျွန်ုပ် ပြန်ဖတ်ဖြစ်သည်။ အဖေက အာဖရိကမြောက်ပိုင်းတွင်ရောက်နေပြီး အမေက အနောက်ဗာဂျီးနီးယား၌ ရှိနေသည်။ အဖေက အမေရိကန်စစ်တပ်၌ ဒုဗိုလ်ဖြစ်ပြီး သူ့တာဝန်မှာ ရန်သူများအမြင်၌ သင်္ကာမကင်းဖြစ်သွားမည့် အချက်အလက်များကို ထိန်းသိမ်းလျက် စစ်သားများ၏စာကို စစ်ကြောရန် ဖြစ်သည်။ ထို့ကြောင့် သူ့ဇနီးထံသို့ ရေးသားသောစာတွင် “ဒုဗိုလ်ဘရန်နန်မှ စစ်ဆေးပြီး” ဟု တံဆိပ်တုံးထုထားသည်ကို တွေ့ရသဖြင့် ရယ်စရာဟာသ ဖြစ်ခဲ့သည်။ သူ့စာမှ စာကြောင်းအချို့ကို သူပယ်ခဲ့ရသည်။

မိမိကိုယ်ကို စစ်ကြောခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် ကောင်းသော အကြံ ဖြစ်သည်။ မိမိအသက်တာ၌ မမှန်ကန်သော၊ ဘုရားဘုန်းမထင်ရှားသော အရာရှိမရှိ သေချာစွာ ကြည့်ရှုစစ်ဆေးရန် အရေးကြီးကြောင်း သမ္မာကျမ်းစာ၌ ကျမ်းရေးသူများ၏ ဖော်ပြချက်များစွာ ရှိသည်။ ဉပမာ – ဆာလံဆရာက “အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော် မူပါ။… ဆိုးသောလမ်းသို့ အကျွန်ုပ် လိုက်သည် မလိုက်သည်ကို ကြည့်ရှုပါ” (ဆာ ၁၃၉:၂၃-၂၄) ဟုဆုတောင်းသည်။ ပရောဖက်ယေရမိကလည်း “ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍ ထာဝရဘုရားထံတော်သို့ ပြန်သွား ကြကုန်အံ့” (ယေမြည် ၃:၄၀) ဟု ဆိုသည်။ တမန်တော် ရှင်ပေါလုကလည်း ပွဲတော်မင်္ဂလာခံယူချိန်တွင် မိမိစိတ်နှလုံးအခြေအနေနှင့်စပ်လျဉ်း၍ “လူတိုင်း ကိုယ်ကိုယ်ကိုယ် စစ်ကြောအပ်ကြောင်း” (၁ ကော ၁၁:၂၈) ပြောပါသည်။

ဘုရားသခင် မနှစ်သက်သောစိတ်သဘော၊ လုပ်ရပ်စသည်တို့မှ ကျွန်ုပ်တို့ ကျောခိုင်းလှည့်ပြန်နိုင်အောင် သန့်ရှင်းသောဝိညာဉ်တော် မစနိုင်ပါသည်။ ထို့ကြောင့် ယနေ့တွင် လောကသို့ဉီးတည်ထွက်မသွားမီ မိမိကိုယ်ကိုစစ်ကြောရာ၌ ဝိညာဉ်တော်၏ မစမှုကို ရှာဖွေကြပါစို့။ ထိုအခါ ဘုရားရှင်နှင့်မိတ်သဟာယဖွဲ့လျက် အထံတော်သို့ လှည့်ပြန်နိုင်လိမ့်မည်။ DAVE BRANON