ရေဒီယိုဖွင့်ထားခဲ့ပါက တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်နေပြီဖြစ်ကြောင်း Cyril Evans နှင့် Jack Phillips တို့သိခဲ့ရလိမ့်မည်။ အခြားသင်္ဘောမှ ရေဒီယို အော်ပရေတာ Cyril Evans က တိုင်တဲနစ်သင်္ဘောသည် ရေခဲပြင်ကြား၌ ခုတ်မောင်းနေကြောင်း တိုင်တဲနစ်သင်္ဘောမှ ရေဒီယိုအော်ပရေတာ Jack Phillips ထံ အသိပေးသတင်းပို့ သည်။ သို့သော် Phillips က ခရီးသည်များ၏သတင်းများပေးပို့လျက် အလုပ်ရှုပ်နေသဖြင့် Evans အား တိတ်ဆိတ်စွာနေရန် ရိုင်းပြစွာ တုံ့ပြန်ခဲ့သည်။ သို့နှင့် Evans ခမျာ ရေဒီယိုပိတ်ပြီး အိပ်ယာဝင်သွားသည်။ ၁၀ မိနစ်အကြာတွင် တိုင်တဲနစ် သင်္ဘောသည် ရေခဲတုံးကြီးနှင့်တိုက်မိသွားပါတော့သည်။ မည်သူမျှ နားမထောင်ခြင်းကြောင့် အချက်ပြပေးပို့သောသတင်းကို မည်သူမျှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။

ဓမ္မရာဇဝင်ပဌမစောင်တွင် ဣသရေလယဇ်ပရောဟိတ်များ၏အကျင့်ယိုယွင်း ပျက်စီးလျက် ဝိညာဉ်ရေး၌ အမြင်အကြားမရှိသဖြင့် လူမျိုးတစ်ခုလုံး အန္တရာယ်သို့ သက်ဆင်းနေကြောင်း ဖတ်ရှုရသည်။ “ထိုကာလ၌ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် နည်းပါး၏” (၁ရာ ၃:၁)။ သို့သော် ဘုရားသခင်သည် သူ့လူမျိုးကို မစွန့်ပါ။ ယဇ်ပုရောဟိတ်အိမ်၌ ပြုစုပျိုးထောင်ခံရပြီး ကြီးပြင်းလာသည့် သူငယ် ရှမွေလလေးအားဖြင့် မိန့်ကြားတော်မူသည်။ ရှမွေလအမည်၏ အဓိပ္ပာယ်မှာ “ထာဝရဘုရား ကြားတော်မူ၏” ဟူ၍ ဖြစ်သည်။ သူ့မိခင်၏ဆုတောင်းကို ဘုရားရှင် အဖြေပေးသည့်အထိမ်းအမှတ်ဖြင့် မှည့်ခေါ်ထားခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်၏အသံကို ကြားအောင် ရှမွေလလေး သင်ယူခဲ့ရပါသည်။

“အိုထာဝရဘုရား၊ အမိန့်တော်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါ သည်”(:၁၀)ဟု ဘုရားသခင်၏အသံကိုကြားသည့်ကျွန်က တုံ့ပြန်ပါသည်။ နှုတ်ကပတ်တော်၌ ဘုရားသခင်ဖွင့်ပြသည့်အရာများကို နားထောင်ပြီး နာခံသူများဖြစ်ခြင်းကို ကျွန်ုပ်တို့ ရွေးချယ်နိုင်ပါစေ။ မိမိအသက်တာကို ကိုယ်တော့်ထံ အပ်နှံပြီး ရေဒီယိုဖွင့် နားစွင့်ထားသည့် နှိမ့်ချသောအစေခံကျွန် အဖြစ်ကို ခံယူကြပါစို့။GLENN PACKIAM