သံစံုသီချင်းအဖွဲ့ကို ဉီးဆောင်ညွှန်ကြားသူ အာရီယံ အေဘယ်လာသည် ငယ်စဉ်ကလေးဘဝက လက်ပေါ်ဖင်ခုထိုင်ပြီး သူ့လက်များကို ဖွက်ခဲ့သည်။ သူ၏လက် နှစ်ဘက်လံုးတွင် မွေးရာပါ လက်ချောင်းများမစံုမလင်ပူးကပ်လျက် ဘယ်ခြေမပါရှိသလို၊ ညာခြေချောင်းများလည်း မစံုပါ။ တေးဂီတကို မြတ်နိုးပြီး စပရာနို သီဆိုသူဖြစ်သဖြင့် သူသည် စမစ် အစိုးရကောလိပ်၌ တေးဂီတဘာသာရပ်ကို အဓိကသင်ယူရန် စီစဥ်ပြင်ဆင်ခဲ့သည်။ တစ်နေ့တွင် တေးသံစံုသီချင်းအဖွဲ့မှ ဆရာက ကွာယာအဖွဲ့ကို ဉီးဆောင်ရန် သူ့ကို ပြောရာ၊ ၎င်းသည် သူ့လက်ကို လံုးဝထင်ရှားစွာ ဖော်ပြရမည့်အရာဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍ သူလုပ်ကိုင် ရမည့် အသက်မွေးမှုအလုပ်ကို သူသိလိုက်ရသည်။ ထိုနောက်တွင် အသင်းတော် သံစံုအဖွဲ့ကို ဆက်လက်ဉီးဆောင်လျက် အခြားတက္ကသိုလ်တစ်ခုတွင်လည်း ကွာယာ သံစံုအဖွဲ့ကို ညွှန်ကြားသူအဖြစ် အစေခံလျက်ရှိသည်။ “ကျွန်မအထဲ မှာရှိတဲ့ တစ်စံုတစ်ရာကို ကျွန်မဆရာများက မြင်တယ်” ဟု သူရှင်းပြသည်။

အားပေးလှံု့ဆော်မှုကို ဖြစ်ပေါ်စေသည့် သူ့အကြောင်းအားဖြင့် ယံုကြည်သူတို့ အတွက် “သန့်ရှင်းမြင့်မြတ်သောဆရာသခင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၌ ‘အားနည်းချက်များ’ ရှိလင့်ကစား၊ ကျွန်ုပ်တို့အထဲ၌ မည်သည်ကို မြင်တော်မူ သနည်း”ဟု မေးစရာဖြစ်လာသည်။ ကျွန်ုပ်တို့အတွင်း၌ သူ့ကိုယ်သူ မြင်ပါသည်။ “ထိုသို့ ဘုရားသခင်သည် မိမိပံုသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ … ပံုသဏ္ဌာန်တော်နှင့်အညီ လူယောကျ်ား၊ လူမိန်းမကို ဖန်ဆင်း၏” (က ၁:၂၇)။

ဘုရားရှင်၏ဘုန်းနှင့်ပြည့်စံုသည့် “သဏ္ဌာန်တော်ကို ဆောင်ယူသူများ” အနေဖြင့် ကျွန်ုပ်တို့ကို တစ်ပါးသူတို့ ကြည့်သောအခါ ကိုယ်တော်ကို ကျွန်ုပ်တို့ထင်ဟပ် ဖော်ပြသင့်သည်။ အေဘယ်လာ အဖို့ လက်ချောင်းမစံုသော သူ့လက်က အဓိက မဟုတ်ဘဲ ယေရှုရှင်သာအဓိကဖြစ်သည်။ ယံုကြည်သူအားလံုးအတွက်လည်း ထိုသဘောအတိုင်းဖြစ်ပါသည်။ “ငါတို့ရှိသမျှသည် မျက်နှာဖံုးကိုဖွင့်လျက်… သခင်ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍…ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပံုသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” (၂ ကော ၃:၁၈)။

အေဘယ်လာနည်းတူ ကျွန်ုပ်တို့လည်း ဘုရားရှင်အား ချီးမြှောက်သည့် ဘဝတေးကိုဆက်ကပ်လျက် ခရစ်တော်၏ပြောင်းလဲနိုင်သော တန်ခိုးတော် အားဖြင့် ဘဝကိုစီမံနိုင်ပါသည်(:၁၈)။ PATRICIA RAYBON