၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း၌ Chihuahuan ကန္တာရထဲ မြင်းစီးနေသူ ဂျင်းဝှိုက်သည် တစ်လိပ်လိပ်တက်လာသော မီးခိုးလုံးကို မြင်လိုက်ရသည်။ ကောင်းဘွိုင်းလူငယ်လေးက တောမီးလောင်သည်ဟု ထင်ပြီး မီးလောင်သည့် နေရာသို့သွားရာ ၎င်းသည် အမှန်တွင် မြေတွင်းပေါက်ထဲမှ အုပ်လိုက်ပျံထွက် လာသော လင်းနို့အုပ်ကြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ အလွန် ကြီးမား၍ အံ့မခန်းသော လှိုဏ်ဂူစနစ်ဖြင့် ဖွဲ့စည်းထားသည့် နယူးမက္ကဆီကို ရှိ Carlsbad Caverns လှိုဏ်ဂူကို မထင်မှတ်ဘဲ ဝှိုက် မြင်တွေ့ခွင့်ရခဲ့သည်။

မောရှေသည် အရှေ့အလယ်ပိုင်းဒေသကန္တာရထဲ သိုးကျောင်းနေစဉ် မီးလောင်သော်လည်း ချုံပုတ်မကျွမ်းသည့် ထူးဆန်းသောမြင်ကွင်းက (ထွ ၃:၂) သူ့အာရုံကို ဖမ်းစားခဲ့သည်။ ချုံပုတ်ထဲမှ ဘုရားသခင် ကိုယ်တော်တိုင် စကားပြောသောအခါ ပထမမြင်ရသည့်မြင်ကွင်းထက် အလွန့်အလွန်ထည်ဝါ ကြီးမြတ်သည့် အမှုကို ကြုံနေရကြောင်း မောရှေသိလိုက်သည်။ “ငါသည် သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား …ဖြစ်သည်” ဟု ဘုရားသခင်က မောရှေကို မြွက်ကြားခဲ့သည် (:၆)။ ဘုရားရှင်က ကျွန်ပြုခံနေရသည့်လူမျိုးတော်တို့ကို ကျွန်ဘဝမှ လွတ်မြောက် အောင် ထုတ်ဆောင်တော့မည်၊ ဘုရားသားသမီးများအဖြစ် သူတို့၏ စစ်မှန်သောဖြစ်တည်မှုကို ပြသတော့မည်ဖြစ်သည်(:၁၀)။

“သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ လိမ့်မည်”(က ၁၂:၃)ဟု နှစ်ပေါင်း ၆၀၀ ကျော် စောပြီး ဘုရားသခင်သည် အာဗြဟံနှင့် ကတိထားခဲ့သည်။ ဣသရေလလူတို့ အဲဂုတ္တုပြည်မှလွတ်မြောက်လာခြင်းသည် အာဗြဟံမှဆင်းသက်သော မေရှိယအားဖြင့် သူဖန်ဆင်းထားသူများကို ကယ်တင်မည့် ဘုရားသခင်၏အကြံအစည်တော်ကောင်းချီး၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဘုရားသခင်သည် လူတိုင်းအား ကယ်တင်ခြင်းကို ပေးနေသည့်အတွက် ယနေ့တွင် ထိုကောင်းချီး၏အကျိုးကျေးဇူးကို ကျွန်ုပ်တို့ဝမ်းမြောက်ခံစားရပါသည်။ တစ်လောကလုံး၏အပြစ်အတွက် အသေခံရန် ခရစ်တော်ကြွလာ သည်။ သခင့်အား ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့လည်း အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးဖြစ်လာပါသည်။ TIM GUSTAFSON