သဘာဝဘေးအန္တရာယ်ကျရောက်သောအခါ ပထမဦးဆုံး လှုပ်ရှားသူများသည် ရှေ့တန်းမှနေ၍ နေ့စဉ်ပင် စွန့်လွှတ်ပေးဆပ်ခြင်းနှင့် သတ္တိရှိမှုကို ပြသကြသည်။ ၂၀၀၁ ခုနှစ်၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို တိုက်ခိုက်ခဲ့စဉ်က လူထောင်ပေါင်းများစွာတို့ သေကြေဒဏ်ရာရခဲ့ပြီး၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်သား ၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ပထမဦးဆုံး လှုပ်ရှားတုံ့ပြန် သူများကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်လွှတ်တော်မှ စက်တင်ဘာလ ၁၂ ရက်နေ့ကို ‘အမျိုးသား ခွန်အားပေးတိုက်တွန်းရာနေ့’ အဖြစ် သတ်မှတ်ခဲ့သည်။

အစိုးရမှ ‘အမျိုးသား ခွန်အားပေးတိုက်တွန်းရာနေ့’ အဖြစ် သတ်မှတ်ခြင်းက တစ်မူထူးခြားသည်ဟု ထင်ရလည်း ၎င်းသည် အသင်းတော်ကြီးထွားရေးအတွက် လိုအပ်သည်ဟု တမန်တော်ရှင်ပေါလုက အသေအချာယုံကြည်ပြီး စိတ်အားငယ်သူ များကို အားပေးနှစ်သိမ့်ရန် မာကေဒေါနိပြည်ရှိ သက်သာလောနိတ်မြို့ အသင်းတော်သစ်လေးအား သူမိန့်ကြားခဲ့သည် (၁ သက် ၅:၁၄)။ နှိပ်စက်ညှဉ်းပန်းမှု ကို သူတို့ရင်ဆိုင်နေရသော်လည်း “အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော သူတို့၌လည်းကောင်း၊ ကာလအစဉ် ကြိုးစား၍ ကျေးဇူးပြုကြလော့” ဟု (:၁၅) ရှင်ပေါလုက ယုံကြည်သူများကို အားပေးခဲ့သည်။ လူသားများအနေနှင့် သူတို့ စိတ်ပျက်အားငယ်လာနိုင်သည်။ တစ်ကိုယ်ကောင်းဆန်ကာ ပဋိပက္ခဖြစ်လာနိုင် ကြောင်း၊ သို့သော် ဘုရားသခင်၏မစမှုနှင့်ခွန်အားမပါဘဲ အချင်းချင်း တစ်ဦးကိုတစ်ဦး မြှင့်တင်မပေးနိုင်ကြောင်းကိုလည်း ပေါလုသိနေသည်။

ယနေ့ခေတ်အခြေအနေသည် ယခင်ခေတ်နှင့် ထူးမခြားနား၊ စိတ်ဓာတ် မြှင့်တင်ပေးမှုကို ကျွန်ုပ်တို့အားလုံးလိုအပ်ပြီး မိမိဝန်းကျင်ရှိလူများကိုလည်း ထိုနည်းတူ လုပ်ဆောင်ပေးရန် လိုသည်။ သို့သော် မိမိ၏ကိုယ်ပိုင်ခွန်အားနှင့် မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် ရှင်ပေါလုက “သင်တို့ကို ခေါ်တော်မူသောသူ (ယေရှု)သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်”(:၂၄)ဟု အားပေး တိုက်တွန်းခြင်းဖြစ်သည်။ ဘုရားရှင်၏မစမှုဖြင့် ကျွန်ုပ်တို့ တစ်ဦးကို တစ်ဦး နေ့ရက်တိုင်း အားပေးနိုင်လိမ့်မည်။ ESTERA PIROSCA ESCOBAR