ကျွန်မမိတ်ဆွေ အယ်လန်သည် စာရင်းအင်းကုမ္ပဏီတစ်ခု၏ဝန်ထမ်းများအတွက် လစာကို တွက်ချက်ပေးရသည်။ ထိုအလုပ်က ရိုးရှင်းသည်ဟုထင်ရ သော်လည်း ဝန်ထမ်းများဘက်မှ သတ်မှတ်ချိန်ထက် နောက်ကျမှ သူတို့၏ အချက်အလက်များကို တင်ပြလာခြင်းများ ရှိတတ်သည်။ ထို့အတွက်ကြောင့် ဝန်ထမ်းများအနေဖြင့် ကြန့်ကြာမှုမရှိဘဲ သူတို့လစာကိုရရှိနိုင်ရန် ရံဖန်ရံခါ အယ်လန်သည် လစာစာရင်းများကို နာရီပေါင်းများစွာ ပြင်ဆင်ရသည်။ အစားအစာနှင့်ဆေးဝါးများဝယ်ရန်၊ အိမ်စရိတ်ပေးရန်စသည်ဖြင့် ထိုလစာအပေါ် မှီခိုနေရသည့် မိသားစုများအပေါ်စာနာပြီး ဤသို့ သူလုပ်ဆောင်ပေးခြင်းဖြစ်သည်။

သူ့အလုပ်နှင့်ပတ်သက်ပြီး အယ်လန်၏ ကရုဏာပြသည့်နည်းလမ်းက ကျွန်မကို ရှင်ယေရှုထံ ညွှန်ပြပေးသည်။ ရှင်ယေရှု လောက၌ကျင်လည်စဉ် တစ်ခါတစ်ရံ သူ့အတွက်အဆင်မပြေဖြစ်လည်း လူများကို သူပြုစုခဲ့သည်။ ဥပမာ – နှစ်ခြင်းဆရာယောဟန် အသတ်ခံရကြောင်းကြားသိရသော် သူ တစ်ဦးတည်းရှိနေလိုသည့်အတွက် လှေစီးပြီးဆိတ်ကွယ်ရာအရပ်သို့ သွားခဲ့ သည် (မ ၁၄:၁၃)။ သူ့ဝမ်းကွဲအစ်ကိုအတွက် ဝမ်းနည်းကြေကွဲပူဆွေးလျက် ဆုတောင်းရန် သူ့အတွက်အချိန် လိုအပ်ကောင်းလိုအပ်မည်။

ပြဿနာမှာ လူအုပ်ကြီးက သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်နေ၏။ ဤလူအုပ်ကြီး၌ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် အမျိုးမျိုးရှိသည်။ လူအုပ်ကြီးကို ပြန်သွားရန် ပြောလိုက်ခြင်းက ပိုမိုလွယ်ကူမည်ဖြစ်ငြားလည်း “ယေရှုသည် ထွက်ကြွ၍ လူအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏” (:၁၄)။

လောက၌ အမှုဆောင်စဉ် လူများကိုသွန်သင်ရန်၊ အနာရောဂါ ငြိမ်းစေရန်မှာ သခင်‌ယေရှု၏အမှုတော်တစ်စိတ်တစ်ပိုင်းဖြစ်ငြားလည်း သခင်၏စာနာစိတ်က သူဝန်ထမ်းသည့်နည်းလမ်းအပေါ် သက်ရောက်မှုရှိခဲ့သည်။ ကျွန်မတို့ အသက်တာ ၌ ဘုရားရှင်၏ ကရုဏာတော်ကို သိမှတ်ရန်နှင့် ထိုကရုဏာတော်ကို သူတစ်ပါးထံ လက်ဆင့်ကမ်းနိုင်ရန် ဘုရားရှင်မစတော်မူပါစေသော်။ JENNIFER BENSON SCHULDT