အပြင်တောင်ပံတွင် အစက်လေးများပါပြီး အတွင်းတောင်ပံများတွင်မူ အနီရောင် တောက်တောက် အကွက်အပြောက်များနှင့် မီးစုန်းပိုးမှာ လှပသည့် အင်းဆက်ပိုး ဖြစ်သည်။ သို့သော် ၎င်း၏အလှက အတော်လှည့်စားသည်။ ဤအင်းဆက်ပိုးကို အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပထမဆုံးတွေ့ရှိခဲ့ပြီး မြောက်အမေရိကသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ယူဆကြသည်။ ဆိုလိုသည်မှာ ၎င်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အဓိပ္ပာယ်ပင်။ မီးစုန်းပိုးသည် ချယ်ရီပင်နှင့် အခြားသောသစ်သီးပင်တို့ အပါအဝင် “သစ်မာပင် များ၏ အတွင်းသားအူတိုင်တို့ကို စားသုံးပြီး” မှိုစွဲစေသော စေးကပ်သည့် အကျိအချွဲကို ချန်ရစ်ထားကာ အပင်များကို ချက်ချင်းသေစေသည် (သို့) အသီးမသီးနိုင်တော့အောင် အားယုတ်သွားစေသည်။

အာဒံနှင့်ဧ၀ အကြောင်း၌လည်း အခြားသောကြောက်မက်ဖွယ်အန္တရာယ် နောက်တစ်မျိုးကို ကျွန်ုပ်တို့ လေ့လာသင်ယူရသည်။ ဘုရားသခင်အား နာမခံဘဲ တားမြစ်ထားသည့် အသီးကိုစားသုံးပါက “ဘုရားသခင်ကဲ့သို့ဖြစ်မည်” (က ၃:၁-၇) ဟု စာတန်တည်းဟူသော မြွေသည် လင်မယားနှစ်ဦးကို လှည့်စားခဲ့သည်။ သို့သော် အဘယ်ကြောင့် မြွေ၏စကားကို နားထောင်ခဲ့သနည်း။ သူ့စကားကပဲ ဧဝကို ဆွဲဆောင်၍လား (သို့) သူကိုယ်၌က ဆွဲဆောင်မှုတစ်ခုခုရှိနေ၍လား။ နှုတ်ကပတ်တော်၌ စာတန်ကို လှပစွာဖန်ဆင်းထားကြောင်း အရိပ်အမြွက် ဖော်ပြထားသည် (ယေဇ ၂၈:၁၂)။ သို့သော် စာတန်သည်လည်း “အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်” (ဟေရှာ ၁၄:၁၄၊ ယေဇ ၂၈:၉)ဟူသည့် ဧဝကို သူဆွဲဆောင်သည့် ဖြားယောင်းမှုမျိုးအတိုင်းပင် ကျရှုံးခဲ့ပါသည်။

ယခုတွင် သူ၌ရှိသောအလှတို့ကို လှည့်စားရန်အတွက် စာတန်အသုံးပြုသည် (က ၃:၁၊ ယော ၈:၄၄၊ ၂ ကော ၁၁:၁၄)။ သူကျရှုံးသည့်နည်းတူ အခြား သူများကိုဆွဲချရန် (သို့) ရှေ့ဆက်မကြီးထွားအောင် ကြိုးစားသည်။ သို့သော် ကျွန်ုပ်တို့ဘက်၌ တန်ခိုးအနန္တကြီးမားသည့်ပုဂ္ဂိုလ်ရှိသည်။ ကျွန်ုပ်တို့၏ လှပ တင့်တယ်သည့် ကယ်တင်ရှင် သခင်ယေရှုထံ ပြေးဝင်နိုင်ပါသည်။ ALYSON KIEDA