အဆစ်များလွဲနိုင်သည့် စာရာ၏ဖြစ်ခဲသည့်ရောဂါကြောင့် ဟိုဟိုဒီဒီသွားလာနိုင်ရန် လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို သူအားကိုးနေရသည်။ မကြာမီကလည်း အစည်းအဝေးတက်ရောက်ရန် မီးရထားဘူတာရုံသို့ ဘီးတပ်ကုလားထိုင်ဖြင့် သွားရာ ဓာတ်လှေကားက ပျက်နေသဖြင့် ရထားစင်္ကြံသို့သွားရန် မဖြစ်နိုင်။ သို့နှင့် မိနစ် ၄၀ သွားရမည့် နောက်ဘူတာရုံသို့ တက္ကစီငှားစီးသွားရန် သူ့ကိုပြောကြသည်။ တက္ကစီကို ဖုန်းဆက်ခေါ်သော်လည်း ရောက်မလာခဲ့ပါ။ စာရာသည် လက်လျော့ပြီး အိမ်ပြန်သွားတော့သည်။

စိတ်မကောင်းဖွယ် ဤအဖြစ်မျိုးက စာရာအတွက် ပုံမှန်ဖြစ်နေကျပါ။ ဓာတ်လှေကားပျက်သဖြင့် ရထားပေါ်တက်မရ၊ စောင်းလျှောမရှိ၍ ရထားပေါ်မှ ဆင်းမရဖြစ်ရသည်။ တစ်ခါတစ်ရံ အကူအညီလိုနေသည့် စာရာကို မီးရထားဝန်ထမ်းများက အနှောင့်အယှက်အဖြစ် ဆက်ဆံကြသည်။ မကြာခဏဆိုသလို သူမျက်ရည်ကျမတတ်ဖြစ်ရသည်။

လူမှုပေါင်းသင်းဆက်ဆံရေးနှင့်ဆိုင်သည့် သွန်သင်ချက်နည်းဥပဒေသများ အနက် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်ရမည်” (ဝတ် ၁၉:၁၈၊ ရော ၁၃:၈-၁၀) ဟူသည့်အချက်မှာ အဓိကဖြစ်သည်။ ဤမေတ္တာစိတ်က လိမ်လည်ခြင်း၊ ခိုးခြင်း၊ အခြားသူများကိုအနိုင်ကျင့်ခြင်းတို့ (ဝတ် ၁၉:၁၁၊ ၁၄) မလုပ်နိုင်အောင် တားဆီးပေးသည့်တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏ပြုမူလုပ်ကိုင်ပုံကို ပြောင်းလဲ ပေးသည်။ အလုပ်သမားများကို တရားမျှတစွာ ဆက်ဆံရမည် (:၁၃)၊ ဆင်းရဲသား များကို စေတနာထားရမည် (:၉-၁၀)။ စာရာ၏အဖြစ်အပျက်တွင် ဓာတ်လှေကားပြင်ခြင်း၊ စောင်းလျှောခုံဆွဲလာပေးခြင်းများက ရေးကြီးခွင်ကျယ်အလုပ်မဟုတ်သော်လည်း အချို့သူအတွက် ၎င်းသည် အရေးကြီးသည့်ဝန်ဆောင်မှုဖြစ်သည်။

အလုပ်ကို လစာရရန် (သို့) ကိုယ့်အကျိုးရှိ၍သာဟု သဘောထားလျှင် မကြာမီ အခြားသူများကို အနှောင့်အယှက်ပမာ ကျွန်ုပ်တို့ဆက်ဆံမိမည်။ သို့သော် မိမိ၏အလုပ်ကို မေတ္တာပြရန် အခွင့်အရေးဟု သဘောထားလျှင် နေ့စဥ်လုပ်ကိုင် သည့် အလုပ်တိုင်းသည် မြင့်မြတ်သောအလုပ်ဖြစ်လိမ့်မည်။ SHERIDAN VOYSEY