ဘဝတွင် ကျွန်ုပ်တို့ဘာကိုပဲကြည့်ကြည့် ၎င်းအပေါ် ကျွန်ုပ်တို့၏အမြင်က ကျွန်ုပ်တို့၏နောက်ခြေလှမ်းများအပေါ်၊ ကျွန်ုပ်တို့၏ကံကြမ္မာကိုပင် လွှမ်းမိုးမှု ရှိသည်ဟူသည့် စာရေးဆရာ မာ့ခ် တွိုင်း(Mark Twain)၏စကားက မှန်သည့်ပုံပေါ်ပါသည်။ တွိုင်းပြောသကဲ့သို့ပင် “သင့်အမြင်အာရုံသည် ဦးတည်ချက် မရှိပါက သင့်မျက်လုံးများအပေါ် အမှီပြု၍မရနိုင်ပါ။”

‘တင့်တယ်’ဟုအမည်ရသည့် ဗိမာန်တော်တံခါးဝ၌ ပေတရုနှင့်ယောဟန် တို့အား ခြေမသန်သည့် သူတောင်းစားက စွန့်ကြဲရန်တောင်းသောအခါ သူ့အား စကားပြန်ပြောရာ၌ ရှင်ပေတရုက အမြင်အာရုံအကြောင်းကို ပြောခဲ့သည် (တ ၃:၂)။ ပေတရုနှင့်ယောဟန်တို့က ထိုသူကို စေ့စေ့ကြည့်ပြီး “ငါတို့အား မျှော်ကြည့်လော့” ဟု ပေတရု ဆိုလိုက်သည် (:၄)။

ထိုစကားကို အဘယ်ကြောင့်ပြောရသနည်း။ ပေတရုသည် ခရစ်တော်၏ သံတမန်အနေနှင့် သူတောင်းစားအား သူ၏အားနည်းချက်၊ သူလိုအပ်နေသည့် ငွေကြေး၌ပင် အာရုံမပြုစေချင်သောကြောင့်ဖြစ်မည်။ တမန်တော်များကို မျှော်ကြည့်သည့်အခါ ခရစ်တော်၌ ယုံကြည်ခြင်းအစစ်အမှန်ကို သူမြင်ရပေမည်။

ရှင်ပေတရုက “ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့” (:၆) ဟု ဆိုလိုက်သည်။ ထို့နောက် ပေတရုက “သူ၏လက်ယာလက်ကို ကိုင်ဆွဲချီကြွလေ သော ခဏချင်းတွင် ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့် ရုတ်တရက် ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွား” ပြီး ဘုရားရှင်အားချီးမွမ်းလေသည် (:၇-၈)

အဘယ်အရာ ဖြစ်ပျက်သွားသနည်း။ ထိုသူသည် ဘုရားသခင်အား ယုံကြည်သွားသည် (:၁၆)။ ဧဝံဂေလိတရားဟောဆရာ Charles Spurgeon တိုက်တွန်း သကဲ့သို့ “ကိုယ်တော့်ကိုသာ အစဉ်တစိုက်မျှော်ကြည့်ပါ။” ထိုသို့မျှော်ကြည့်လျှင် အတားအဆီးများကို မမြင်တော့ဘဲ ကျွန်ုပ်တို့၏လမ်းခရီးကို ရှင်းလင်းစေသည့် ဘုရားသခင်ကိုသာ ကျွန်ုပ်တို့မြင်မည်ဖြစ်သည်။ PATRICIA RAYBON