ကိမ်းဘရစ်ချ်၊ အင်္ဂလန်၌ ချားလ်စ်စီးမီယန်(၁၇၅၉-၁၈၃၆) သည် Holy Trinity အသင်းတော်၏သင်းအုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် နှစ်အတော်ကြာ သူ့အား အတိုက်အခံဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည်။ အသင်းသားအများစုက စီးမီယန် ထက် တွဲဖက်သင်းအုပ်ကိုသာ ခန့်စေလိုသည့်အတွက် စီးမီယန်၏ ကောလာဟလ သတင်းများလိုက်ဖြန့်ပြီး သူ၏အမှုတော်လုပ်ငန်းကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ သူ့ကို ဘုရားကျောင်းထဲ ပေးမဝင်သည့်အချိန်များပင် ရှိသေးသည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်နှင့် ပြည့်ဝလိုသည့် စီးမီယန်က သူခံယူကျင့်သုံးမည့် အခြေခံ စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် အတင်းအဖျင်းများကို ရင်ဆိုင်ရန် ပြင်ဆင်သည်။ စည်းမျဉ်းတစ်ချက်မှာ အပြည့်အ၀မှန်ကန်မှုမရှိပါက ကောလာဟလများကို စိုးစဥ်းမျှမယုံရန်၊ နောက်တစ်ချက်မှာ “အခြားတစ်ဘက်၏ ကောလာဟလကို ကြားရပါက ကြားရသောအရာနှင့်လုံးဝကွဲပြားသည့် အကြောင်းအရာကို ပြန်ပြောပြီး ထိုအရာကိုသာ အစဉ်အမြဲယုံကြည်ရန်” ဖြစ်သည်။

ဤလက်တွေ့လုပ်ဆောင်ခြင်း၌ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားခြင်းကို ဆုတ်ယုတ်ပျက်ပြားစေမည့် အတင်းအဖျင်းနှင့် မလိုမုန်းထားသောစကားများကို ဆက်မပြောရန် လူမျိုးတော်တို့အား ဘုရားရှင်ညွှန်ကြားချက်ကို စီးမီယန် လိုက်နာခဲ့သည်။ ပညတ်တော် ၁၀ ပါး အနက် “ကိုယ်နှင့်စပ်ဆိုင်သောသူ တစ်ဘက်၌ မမှန်သောသက်သေကိုမခံနှင့်” (ထွ ၂၀:၁၆)ဟူသည့်ပညတ်က လူမျိုးတော်တို့ သမ္မာတရားနှင့်အညီ အသက်ရှင်ရန် ဘုရားရှင်အလိုရှိခြင်းကို ထင်ဟပ်ဖော်ပြနေသည်။ “သင်သည် မှားသောသတင်းစကားကို မကြား မပြောရ”(၂၃:၁)ဟူသည့် နောက်ထပ်ညွှန်ကြားချက်က ထိုပညတ်တော်ကို အားဖြည့်ထားပြန်သည်။

ကျွန်ုပ်တို့အယောက်တိုင်းက ကောလဟလနှင့်သတင်းမှားများကို ဆက်ပြီး မဖြန့်လျှင်၊ ကျွန်ုပ်တို့ကြားရပြီး ဆက်မပြောလျှင် လောကကြီး မည်သို့ထူးခြားသွားမည်ကို စဉ်းစားကြည့်ပါ။ ဘုရားဘုန်းတော်ထင်ရှားစေရေး ကျွန်ုပ်တို့၏ပြောစကားကို အသုံးပြုရာတွင် သမ္မာတရားကို မေတ္တာဖြင့် ပြောကြားနိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်၏မစမှုအပေါ် ကျွန်ုပ်တို့ အမှီပြုကြပါစို့။ AMY BROUCHER PYE