အိမ်ရောက်ခါနီးမှ ကားအပူချိန်ပြဒိုင်ခွက်မှမြားက အရှိန်မြင့်တက်နေသည်ကို သတိပြုမိသဖြင့် ကားထိုးလိုက်ပြီး စက်သတ်ကာ ကားထဲမှ ထွက်လိုက်ကြသည်။ ကားစက်ဖုံးမှအငွေ့များ ထွက်လာပြီး ကားအင်ဂျင်မှာ အသားပြားကင်သကဲ့သို့ တရှဲရှဲမြည်နေတော့သည်။ ကားကို နောက်သို့ ပေအနည်းငယ်ဆုတ်လိုက်ရာ ကားအောက်တွင် ဆီအိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ချက်ချင်း သိလိုက်သည်။ အင်ဂျင်စက်မှ ဂတ်စကတ်ခေါင်းကြီး ကွဲသွားခြင်းဖြစ်ပါသည်။

ကျွန်တော်စိတ်ပျက်ပျက်နှင့် သက်ပြင်းချမိသည်။ အခြားဈေးကြီးသောပြုပြင်ရေးများအတွက် ငွေများစွာသုံးခဲ့ပြီးပြီ။ “ဟာ… ပျက်ပြန်ပြီ။ မပျက်စီးဘဲ မနေနိုင်ဘူးလားကွာ” ဟု ခါးသည်းစွာနှင့် ကျွန်တော် ညည်းညူလိုက်မိသည်။

သင်ကော ထိုသို့ဖြစ်ဖူးပါလား။ တစ်ခါတစ်ရံ ကျွန်တော်တို့ ပြဿနာတစ်ခုကို လွှဲရှောင်ပြီး အခြားတစ်ခုကို ဖြေရှင်းတတ်သည်။ ပမာဏများသည့် ကုန်ကျစရိတ်ကို အရင်ပေးချေကာမှ အခြားစရိတ်ပေါ်လာပြန်သည်။ မထင်မှတ်ထားသောရောဂါအဖြေသိရခြင်း၊ အချိန်မတန်ဘဲ ကွယ်လွန်သွားခြင်းနှင့် ကြီးမားသောဆုံးရှုံးမှုကြုံရ ခြင်း စသည်ဖြင့် ပြဿနာများက စက်ပစ္စည်းများပျက်စီးခြင်းထက် ပိုကြီးမားသည်။

ထိုအချိန်မျိုးတွင် ကြေကွဲမှု ပြဿနာနည်းသောလောကကို ကျွန်တော်တို့ တောင့်တတတ်ကြသည်။ သခင်ယေရှု ကတိပေးထားသည့် ထိုလောကသည် တစ်နေ့ရောက်လာပါမည်။ သို့သော် အချိန်မတန်သေးပါ။ ယောဟန် ၁၆ တွင် “သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ” ဟု တပည့်တော်များအား သခင် မိန့်ကြားသည်(:၃၃)။ ထိုအခန်းကြီးတွင် အလွန်အရေးကြီးသည့် ယုံကြည်ခြင်း ကြောင့်ညှဥ်းပန်းနှိပ်စက်ခံရမည့်ဒုက္ခကိုလည်း သခင်မိန့်ကြားသည်။ သို့သော် သူ၌မျှော်လင့်ခြင်းရှိသူများအတွက် ထိုဆင်းရဲဒုက္ခသည် အဆုံးမဟုတ်ပါ။

ဘဝတွင် ပြဿနာအကြီးအသေးများ တောက်လျှောက်ကြုံရမည်။ သို့သော် သူနှင့်အတူ ပိုကောင်းသောအနာဂတ်ကိုပေးမည်ဟု သခင်ယေရှု၏ ကတိတော်က ကြုံရသောပြဿနာများဖြင့် ယနေ့ မိမိဘဝကို မဆုံးဖြတ် မသတ်မှတ်ရန် ခွန်အားပေးနေတော့သည်။ ADAM R. HOLZ