ဟာသစာရေးဆရာ Michael Yaconelli သည် နွားမွေးမြူရေးခြံ အနီးဝန်းကျင်၌ နေထိုင်ခဲ့သည့်အတွက် နွားများသည် တစ်နေရာရာသို့ ငေးကြည့်လျက်သားနှင့် ခြေဦးတည့်ရာလျှောက်သွားတတ်ကြောင်း သူသတိပြုမိသည်။ ၎င်းသည် ပိုစိမ်း လန်းသည့်စားကျက်ကိုရှာရင်း ရှေ့သို့ဆက်သွားနေသည်။ ခြံအဆုံးနား သစ်ပင် အောက်တွင် ပိုကောင်းပြီးလတ်ဆတ်သောမြက်များကို တွေ့ကောင်းတွေ့မည်။ သို့သော် ကျိုးပဲ့ပြုတ်ထွက်နေသော ခြံစည်းရိုးအကျော်ခြံပြင်တွင် အရသာ ကောင်းမွန်သော သစ်ရွက်ပုံရှိနေသည်။ ထိုအခါ ၎င်းသည် ခြံကိုကျော်ပြီး လမ်းမပေါ်ရောက်သွားကာ တဖြည်းဖြည်းနှင့် ခြံနှင့်ဝေးသည်ထက်ဝေးကာ လမ်းပျောက်သွားပါတော့သည်။

နွားများသာမဟုတ်၊ သိုးများလည်း လျှောက်သွားပြီး လမ်းပျောက်တတ်သည်။ ထိုသို့လမ်းချော်လမ်းလွှဲသွားနိုင်ခြေအရှိဆုံး လူသားများက အဆိုးဆုံးဖြစ်သည်။

ထို့ကြောင့် ကျမ်းစာထဲ၌ ဘုရားသခင်က ကျွန်ုပ်တို့ကို သိုးများနှင့် ခိုင်းနှိုင်း ထားခြင်းဖြစ်မည်။ မိုက်မဲသော အပေးအယူများနှင့် ရူးမိုက်သော ဆုံးဖြတ်ချက်များ အားဖြင့် ‌ကျွန်ုပ်တို့သည် ခြေဦးတည့်ရာမဲ့ကာ တဖြည်းဖြည်း လမ်းပျောက်သွားရန် လွယ်လှသည်။ နောက်ဆုံးသမ္မာတရားမှ မည်မျှဝေးသွားသည်ကို ဘယ်တော့မှ သတိပြုမိမည် မဟုတ်ပါ။

သခင်ယေရှုသည် ဖာရိရှဲတို့အား ပျောက်သောသိုးအကြောင်းပြောပြသည်။ သိုးထိန်းသည် ပျောက်သောသိုးတစ်ကောင်ကို ရှာရန် ကျန်သောသိုးများကို ထားခဲ့သည်အထိ ထိုသိုးသည် သူ့အတွက် တန်ဖိုးရှိပါသည်။ ထိုပျောက်သောသိုးကို ပြန်တွေ့သောအခါတွင်လည်း ပျော်ရွှင်စွာ ပွဲဆင်နွှဲပါသည် (လု ၁၅:၁-၇)။

သူ့ထံပြန်လှည့်လာသူအတွက် ဘုရားရှင်သည် ထိုကဲ့သို့သော ဝမ်းမြောက်မှု မျိုးကို ခံစားရသည်။ သခင်ယေရှုက “ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့”ဟု(:၆)မိန့်ကြားသည်။ ကျွန်ုပ်တို့ကို ကယ်တင်ရန်နှင့် အိမ်တော်သို့ ပြန်ခေါ်ဆောင်ရန်အတွက် ဘုရားသခင်သည် ကယ်တင်ရှင်ကို စေလွှတ်ပေးခဲ့ပါသည်။ CINDY HESS KASPER