မကြာမီက သရီးဒီရုပ်ကြွအနုပညာ၏အံ့သြဖွယ်ရာများကို ကျွန်ုပ်တွေ့ရှိခဲ့သည်။ မြင်မြင်ချင်းတွင် ကြုံရာအပိုင်းများကိုသာမြင်ရသော်လည်း သရီးဒီ ရုပ်ကြွကို မှန်ကန်သောရှုထောင့်မှကြည့်မှသာလျှင် အဓိပ္ပာယ်ရှိသည်။ ပုံတစ်ခုတွင် ဒေါင်လိုက်တိုင်များကို အပြိုင်ထောင်ထားပြီး ထင်ရှားသောခေါင်းဆောင်တစ်ဦး၏ မျက်နှာကို သရုပ်ဖော်ထားသည်။ နောက်တစ်ပုံမှာ နန်းကြိုးထုပ်ကြီးဖြင့် ဆင်ရုပ်လုံးပုံကို ဖော်ဆောင်ထားသည်။ နောက်လက်ရာတစ်ခုမှာ အမဲစက် ရာပေါင်းများကို ဝါယာကြိုးဖြင့် ချိတ်ဆွဲထားပြီး မှန်မှန်ကန်ကန်ကြည့်သော် အမျိုးသမီးမျက်ဝန်းပုံကို မြင်ရသည်။ မတူညီသောရှုထောင့်များမှ ဆိုလိုရင်း မပေါ်မချင်းကြည့်ရန်မှာ သရီးဒီရုပ်ကြွအနုပညာ၏သော့ချက်ဖြစ်သည်။

သမိုင်းအကြောင်းအရာ၊ ကဗျာ၊ သီချင်းနှင့် ကျမ်းပိုဒ်များစွာပါဝင်သည့် သမ္မာ ကျမ်းစာကို တစ်ခါတစ်ရံ နားလည်ရန် ခက်ခဲလိမ့်မည်။ သို့သော် မည်သို့ အနက်ဖွင့် ရမည်ကို နှုတ်ကပတ်တော်မှပင် ဖွင့်ပြထားသည်။ သရီးဒီရုပ်ကြွကို ကြည့်ရှု သကဲ့သို့ပင် မတူညီသောရှုထောင့်များမှကြည့်ပြီး နက်ရှိုင်းစွာ ဆင်ခြင်ရန်ဖြစ်သည်။

ခရစ်တော်သွန်သင်သည့် ပုံဥပမာများသည်လည်း ထို့အတူပင်ဖြစ်သည်။ ဂရုတစိုက်နှင့် သေချာစွာလေ့လာတွေးဆသူသည် အဓိပ္ပာယ်ကို သိနားလည်လိမ့် မည်(မ ၁၃:၁၀-၁၆)။ ဘုရားသခင်သည် ဉာဏ်ကိုပေးသနားတော်မူမည်အကြောင်း(၂တိ ၂:၇)၊ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ရန် ရှင်ပေါလုမှ တိမောသေကို တိုက်တွန်းထားသည်။ ဆာလံ ၁၁၉ တွင်လည်း တရားတော်ကို ဆင်ခြင် အောက်မေ့ ခြင်းက ဉာဏ်ကိုပေးသည်၊ အနက်ကို နားလည်နိုင်သောအသိအမြင်ကို ပွင့်စေသည်ဟု ထပ်ခါထပ်ခါ ဖော်ပြထားပါသည် (၁၁၉:၁၈၊ :၉၇-၉၉)။

ပုံဥပမာတစ်ခုကို တစ်ပတ်တာလုံးဆင်ခြင်ခြင်း၊ (သို့) ခရစ်ဝင်ကျမ်း တစ်စောင်ကို တစ်ထိုင်တည်းဖတ်ခြင်းကို ပြုလုပ်ကြည့်ပါ။ ကျမ်းပိုဒ်တစ်ပိုဒ်ကို ရှုထောင့်အမျိုးမျိုးမှ အချိန်ယူလျက် နက်နဲစွာလေ့လာကြည့်ပါ။ ကျမ်းစာ ဖတ်ရှုခြင်းမှ သမ္မာတရားအမြင်ရသည်မဟုတ်၊ ဆင်ခြင်အောက်မေ့ခြင်းမှသာ ရရှိပါသည်။

အိုဘုရားသခင်၊ မြင်တတ်သော မျက်လုံးများ ပေးသနားတော်မူပါ။ SHERIDAN VOYSEY