Thérèse of Lisieux သည် ပူပင်မှုကင်းမဲ့သော ပျော်ရွှင်သောကလေးဖြစ်သည်။ သို့သော် သူအသက် ၄ နှစ်အရွယ်တွင် သူ့မိခင်ဆုံးပါးသွားသည့်နောက် သူမသည် ကြောက်ရွံ့လာပြီး အလွယ်တကူ စိတ်ထိခိုက်လွယ်သူဖြစ်သွားသည်။ ထို့နောက် နှစ်အတန်ကြာပြီးနောက် ခရစ်စမတ်မတိုင်မီတစ်ညတွင် ထိုအရာများအားလုံးပြောင်းလဲသွားတော့သည်။ အသင်းတော်မှလူများနှင့် သခင်ယေရှု၏ မွေးနေ့တော်ကို ဆင်နွှဲကြပြီးနောက် သူမကို ဘုရားသခင်က ကြောက်ရွံ့ခြင်းများမှ လွတ်မြောက်ခြင်းပေးပြီး ဝမ်းမြောက်ခြင်းကိုပေးကြောင်း သူမခံစားလိုက်ရသည်။ ထိုပြောင်းလဲခြင်းသည် ကောင်းကင်ဘုန်းစည်းစိမ်ကိုစွန့်ကာ ယေရှုဟူသည့် လူသားအဖြစ် ကြွဆင်းလာသူ၊ ယခုသူ့အထဲ၌ ကျိန်းဝပ်သည့် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်သည်ဟု သူဆိုသည်။

ခရစ်တော် ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူခြင်းသည် မည်သည့်အဓိပ္ပာယ်နည်း။ ကောလောသဲအသင်းတော်သို့ ရှင်ပေါလုပြောသကဲ့သို့ပင် ၎င်းသည် နက်နဲသောအရာဖြစ်ပြီး ဘုရားသခင်သည် ရှေးကာလပတ်လုံးဝှက်ထားလျက်ရှိသော်လည်း သူ၏လူတို့အား ယခုဖော်ပြလေပြီ(ကော ၁:၂၆)။ “ထိုနက်နဲသော အရာကား … ဘုန်းအသရေကိုမျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့ အထဲ၌ တည်တော်မူသောခရစ်တော်”ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်(:၂၇)။ ယခုတွင် ခရစ်တော်သည် ကောလောသဲအသင်းသားတို့အထဲ၌ တည်ရှိခဲ့ သောကြောင့် ဘဝအသစ်၏ဝမ်းမြောက်ခြင်းကို ခံစားရကြသည်။ လူဟောင်း ဇာတိအပြစ်၏ ကျေးကျွန် မဟုတ်ကြတော့ပါ။

ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ဖိတ်ခေါ်မည်ဆိုပါက ဤနက်နဲရာဖြစ်သည့် ရှင်ယေရှုမိမိအထဲ၌ ကျိန်းဝပ်တည်ရှိမှုကို ခံစားအသက်ရှင်ကြရမည်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် Thérèse အား အကြောက်တရားမှ လွတ်မြောက်စေခဲ့သလို ကျွန်ုပ်တို့ကို လွတ်မြောက်စေမည်ဖြစ်ပြီး ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်းစသည့် ဝိညာဉ်ပကတိသဘောများကို ကျွန်ုပ်တို့အထဲ၌ ရှင်သန်ကြီးထွားစေမည်ဖြစ်သည် (ဂလာ ၅:၂၂-၂၃)။

ကျွန်ုပ်တို့အထဲရှိ အံ့သြထူးဆန်းဖွယ် နက်နဲသော ခရစ်တော်အား ဂုဏ်တော် ချီးမွမ်းကြပါစို့။ AMY BOUCHER PYE