လီဇာရရှိခဲ့သော ကဒ်လေး၌ ရေးထားသောကျမ်းချက်မှာ သူ့အခြေအနေနှင့် ကိုက်ညီမှုမရှိပေ။ “အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏ မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ထာဝရဘုရားသည် ထိုလုလင် ၏မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏”(၄ရာ ၆:၁၇)။ “ကျွန်မက ကင်ဆာဖြစ်နေ တာ။ ကလေးပျက်ကျတာလည်း မကြာသေးဘူး။ ကောင်းကင်တမန်စစ်သည်တွေအကြောင်း ကျမ်းပိုဒ်က ဘာမှမဆိုင်ဘူး” ဟု နားမလည်စွာနှင့် သူတွေးမိသည်။

ထို့နောက်တွင် “ကောင်းကင်တမန်များ” ပေါ်လာပါတော့သည်။ ကင်ဆာ ရောဂါမှ ပြန်ကောင်းလာသူများက အချိန်ပေးပြီး သူမပြောစကားများကို နားထောင် ပေး ကြသည်။ သူမ၏ခင်ပွန်းမှာလည်း နိုင်ငံရပ်ခြား၌ စစ်မှုထမ်းသွားရာမှ စောစီးစွာပြန်ရောက်လာသည်။ သူငယ်ချင်းများ သူမနှင့်အတူ ဆုတောင်းကြသည်။ သူ့သူငယ်ချင်း ပက်တီ တစ်ရှုးဘူးနှစ်ဘူးနှင့် ရောက်လာချိန်တွင် ဘုရား၏ မေတ္တာတော်ကို အခံစားရဆုံးဖြစ်သည်။ ဘူးများကို စားပွဲပေါ် တင်ကာ လီဇာစတင် ငိုတော့သည်။ ပက်တီ နားလည်သည်။ သူလည်း ကိုယ်ဝန်ပျက်ကျခဲ့ဖူးခြင်းကြောင့်ပါ။

“ဒီဟာက အခြားအရာထက် အတော်ထိရောက်တာပဲ။ ကဒ်လေးက အခုမှ အဓိပ္ပာယ်ရှိလာတယ်။ ကျွန်မရဲ့ကောင်းကင်တမန်တွေက တောက်လျှောက် ကျွန်မနားမှာ ရှိနေတာပဲ” ဟု လီဇာက ပြောပါသည်။

ဣသရေလလူတို့ကို ရန်သူတပ်များ ဝိုင်းထားသောအခါ ကောင်းကင်တမန် များက ဧလိရှဲကို ကာကွယ်ထားသည်။ သို့သော် သူ၏တပည့်က မမြင်။ “အိုသခင်၊ အဘယ်သို့ ပြုရမည်နည်း”(:၁၅) ဟုမေးရာ၊ ဧလိရှဲက “ဤသူသည် မြင်နိုင် မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါ”(:၁၇)ဟု ရိုးရှင်းစွာ ဆုတောင်းခဲ့သည်။

ဘုရားရှင်ကို မျှော်ကြည့်သော် အမှန်တကယ် အရေးပါသည့်အရာနှင့် မိမိသည် တစ်ယောက်တည်းဖြစ်မနေ‌ကြောင်းကို ကျွန်ုပ်တို့၏ ပြဿနာများက ထောက်ပြလိမ့်မည်။ ဘုရား၏နှစ်သိမ့်သက်သာစေသောမျက်မှောက်တော် သည် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ စွန့်ပစ်မသွားကြောင်း သိလာရလိမ့်မည်။ မရေတွက်နိုင်သောအံသြဖွယ်ရာနည်းလမ်းများဖြင့် ကျွန်ုပ်တို့အား သူ့ချစ်ခြင်းကို ကိုယ်တော် ပြသနေပါသည်။ TIM GUSTAFSON