ငယ်စဥ်က “ကြီးလာရင်ဘာဖြစ်ချင်လဲ”ဟု မကြာခဏအမေးခံရသည်။ ကျွန်တော့် အဖြေကလည်း အမြဲပြောင်းလဲသည်။ ဆရာဝန်ပြောလိုက်၊ မီးသတ်သမား ပြောလိုက်၊ သာသနာပြုဆရာပြောလိုက်၊ ချီးမွမ်းကိုးကွယ်ခြင်းဦးဆောင်သူ၊ ရူပဗေဒပညာရှင်၊ ကျွန်တော်ကြိုက်သောရုပ်သံသရုပ်ဆောင် မက်ဂ္ဂါဗာ ဖြစ်ချင် လိုက်နှင့် အမြဲပြောင်းသည်။ ယခု ကလေး ၄ ယောက် အဖေ ဖြစ်လာချိန်တွင် ထိုမေးခွန်းသည် ကလေးများအတွက် မည်မျှခက်ခဲမည်ကို တွေးမိသည်။ “သားတို့ သမီးတို့ ဒီကဏ္ဍမှာ တော်မယ်ဆိုတာ အဖေသိတယ်” ဟုပြောချင်ခဲ့သည်။ တစ်ခါတစ်ရံ သားသမီးများ မိမိကိုယ်ကို မြင်သည်ထက် မိဘက ပိုမြင်ပါသည်။

၎င်းသည် သူချစ်ခင်နှစ်သက်ပြီး ဆုတောင်းပေးနေသော ဖိလိပ္ပိမှ ယုံကြည် သူများကို ရှင်ပေါလု ရှုမြင်ခဲ့ပုံနှင့် ထပ်တူကျနေပါသည် (ဖိ ၁:၃)။ သူက အဆုံးကို မြင်သည်။ အားလုံးပြောပြီးလုပ်ပြီးချိန်တွင် သူတို့ဘယ်နည်းဘယ်ပုံ ဖြစ်နေမည်ကို ရှင်ပေါလု သိနှင့်သည်။ သမ္မာကျမ်းစာမှလည်း ဇာတ်လမ်းအဆုံး ဖြစ်သော ရှင်ပြန်ထမြောက်ခြင်းနှင့် ခပ်သိမ်းသောအရာများ အသစ်တစ်ဖန် ပြန်ဖြစ်လာမည့် ကြီးမားဆန်းကြယ်သောရူပါရုံကို ဖော်ပြထားသည် (၁ကော ၁၅၊ ဗျာ၂၁)။ ထိုအကြောင်းကို မည်သူရေးနေသည်ကိုလည်း တစ်ခါတည်း ဖော်ပြထားသည်။

ထောင်ထဲမှရေးခဲ့သောစာစောင်အစ၌ ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်အား “သင်တို့တွင် ကောင်းသောအမှုကိုပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်” ဟုအစချီထားသည် (ဖိ ၁:၆)။ သခင်ယေရှုသည် အစပြုခဲ့သောကြောင့် အဆုံးထိ သူလုပ်ဆောင်ပါမည်။ ပြီးစီးခြင်း ဟူသောစကားသည် အထူးပင် အရေးပါပါသည်။ ဘုရားရှင်သည် အဘယ်အရာကိုမျှ လက်စမသတ်ဘဲ ချန်မထားခြင်းကြောင့် ဇာတ်လမ်းမှာ ပြီးရုံပြီးခြင်းမဟုတ်ပါ။ GLENN PACKIAM