‌ဒေါက်တာစူးစ်၏ စိတ်ကူးယဉ်ပုံပြင်ထဲတွင် မြောက်ဘက်သွားသောZaxနှင့် တောင်ဘက်သွားသောZaxတို့သည် ပရေရီ မြက်ခင်း(Prairie of Prax)လမ်းဆုံကို ဖြတ်သွားသော အကြောင်းကို ပြောပြထားသည်။ သူတို့နှစ်ဉီး ထိပ်တိုက်တွေ့သောအခါ တစ်ဦးမျှအလျော့မပေး။ ပထမ Zax က “တစ်လောကလုံး ရပ်တန့်လျှင်ပင် သူတုတ်တုတ်မလှုပ်”ဟု ‌ဒေါသနှင့်ပြောသည်။ (မဖြံုပါ။ လောကကြီးက ပုံမှန် ရှေ့ဆက်လျက် သူတို့ပတ်လည်တွင် ကားလမ်းမကြီး ဆောက်လုပ်နေသည်)။

သည်ပုံပြင်လေးက ခေါင်းမာတတ်သော လူ့သဘာဝကို ကွက်တိပုံဖော်နေသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဒုက္ခရောက်စေသည့်တုံ့ပြန်မှုမျိုးပြုတတ်သည့် ဗီဇသဘောရှိပြီး ပျက်စီးရာလမ်းသို့ပို့သည့်လမ်းဖြစ်သည့်တိုင် ထိုစိတ်ကိုပင် ခေါင်းမာမာဖြင့် ဖက်တွယ်မိတတ်ကြပါသည်။

ဝမ်းမြောက်စရာမှာ ခိုင်မာခြင်းသဘောရှိသော လူ့နှလုံးသားကို ဘုရားသခင်က နူးညံ့ပေးရန် ရွေးချယ်ခဲ့သည်။ တမန်တော်ပေါလုသည် ဤအချက်ကို သိသောကြောင့် ဖိလိပ္ပိအသင်းတော်မှ အသင်းသားနှစ်ဦး အချင်းများသောအခါ မေတ္တာနှင့် ၎င်းတို့ကို နာမည်နှင့်တကွ ခေါ်လျက်(ဖိ ၄:၂)၊ မိမိကိုယ်ကိုစွန့်သော မေတ္တာရှိသည့် ခရစ်တော်၏စိတ်သဘောရှိရန် အစောပိုင်း၌သွန်သင်ခဲ့ပြီးသည့် အတိုင်း(၂:၅-၈)၊ သူတို့အား ဧဝံဂေလိတရားကိုဟောပြောသောအမှု၌ ကူညီပြီး ကြိုးစားအားထုတ်သော လုပ်ဖော်ဆောင်ဖက်အမျိုးသမီးများကို မစထောက်ပံ့ရန် တောင်းပန်ခဲ့သည် (၄:၃)။ ၎င်းသည် သူတို့နှစ်ဦးကို အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်ရန် ဆော်သြလျက် ပညာသားပါပါ စေ့စပ်ညှိနှိုင်းမှုပင်ဖြစ်သည်။

တစ်ခါတစ်ရံ ခိုင်မာစွာ ရပ်တည်ရမည့်အချိန်များရှိသော်လည်း ခရစ်တော် ကဲ့သို့ချဉ်းကပ်မှုမျိုးက အလျော့မပေးသော Zax တို့နှင့် ကွာခြားပါသည်။ ဘဝ၏ အမှုအ‌ရေးအတော်များများသည် အငြင်းပွားရန် မထိုက်တန်ပါ။ အရေးမပါ စာမဖွဲ့လောက်သောအရာများအပေါ် မိမိကိုယ်ကို ပျက်စီးစေသည်အထိ ကျွန်ုပ်တို့ ငြင်းခုန်နိုင်သည်(ဂလာ ၅:၁၅)။ သို့မဟုတ် မိမိမာနကို မျိုသိပ်ကာ သိက္ခာရှိရှိဖြင့် အမြော်အမြင်ရှိသော ဆွေးနွေးအကြံပေးမှုကိုခံယူကာ မောင်နှမများနှင့် ညီညွတ်စည်းလုံးမှုကို ရှာဖွေရယူပါ။ TIM GUSTAFSON