သင် နဂါးနှင့်တိုက်ခိုက်ခဲ့ဖူးပါသလား။ မတိုက်ခဲ့ဖူးပါဟုသင်ဖြေပါက စာရေးဆရာ ယူဂျင်းပီတာဆင်က သင့်အဖြေကို သဘောတူမည်မဟုတ်ပါ။ သူရေးခဲ့သော “A Long Obedience in the Same Direction” (တူညီသောဦးတည်ချက်၌ ကြာရှည်စွာ နာခံမှု) စာအုပ်တွင် “နဂါးများသည် ကျွန်ုပ်တို့၏ကြောက်ရွံ့မှု၊ ကျွန်ုပ်တို့ကို နာကျင်စေမည့် ကြောက်မက်ဖွယ် စကားလုံး‌များဖြစ်သည်။ … ဧရာမ နဂါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသောလယ်သမား တစ်ဉီးအဖို့ လံုးဝမယှဥ်နိုင်ပါ”ဟု ရေးသားထားသည်။ ဆရာကြီး ဘာကိုဆိုလိုချင်သနည်း။ ဘဝသည် အသက်ကိုခြိမ်းခြောက်နေသော ကျန်းမာရေးဒုက္ခ၊ ရုတ်တရက် အလုပ်ပြုတ်မှု၊ ကျရှုံးနေသောအိမ်ထောင်ရေး၊ ထင်ရာစိုင်းသောသားသမီး အစရှိသည့်နဂါးများနှင့် ပြည့်နှက်နေပါသည်။ ထိုနဂါးများ၏အန္တရာယ်ကကြီးမားပြီး ကျွန်ုပ်တို့တစ်ဉီးတည်း တိုက်ခိုက်ရန် လုံလောက်သောအင်အားမရှိခြင်းသည် ဘဝ၏အားနည်းချက်ဖြစ်သည်။

ထိုသို့သော တိုက်ပွဲများ၌ ကျွန်ုပ်တို့အတွက် ချန်ပီယံတစ်ဉီးရှိသည်။ ဒဏ္ဍာရီပုံပြင်ထဲမှ ချန်ပီယံမဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ်စားတိုက်ပွဲဝင်ပြီး ကျွန်ုပ်တို့ကို ချောင်းမြောင်းနေသောနဂါးကို အနိုင်ယူပေးသည့် အန္တိမချန်ပီယံ ဖြစ်သည်။ မိမိ၏အားနည်းချက်(သို့) ကျွန်ုပ်တို့ကို ပျက်စီးစေလိုသော ဝိညာဉ်ရေးရာရန်သူ စသည့်နဂါးများဖြစ်စေကာမူ ကျွန်ုပ်တို့၏ချန်ပီယံသည် ပိုကြီးမြတ်သည်။ ချန်ပီယံ ယေရှုအကြောင်းကို ရှင်ပေါလုက “အထွဋ်အမြတ် အာဏာစက်များကို လုယူလျှင် ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ”(ကော ၂:၁၅) ဟု ရေးသားခဲ့သည်။ ကျွန်ုပ်တို့ကိုပျက်စီးစေသည့် ယိုယွင်းသော လောကကမ္ဘာ၏အားများသည် ဘုရားရှင်ကို မည်သို့မျှ မယှဉ်နိုင်ပါ။

ဘဝလောကဓံနဂါးများသည် မိမိအတွက် အလွန်တရာကြီးမားကြောင်း သိလိုက်ရချိန်သည် ခရစ်တော်၏မစမှုအပေါ် စတင်ရပ်တည်ရန်အချိန်ပင် ဖြစ်သည်။ ယုံကြည်မှုရှိရှိဖြင့် “ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား” (၁ ကော ၁၅:၅၇) ဟု ပြောနိုင်ပါသည်။ BILL CROWDER