၂ နှစ်အရွယ် ကဲနက်လေး ပျောက်နေသည်။ သို့သော် သုံးမိနစ်အတွင်း၌ပင် သူ့မိခင်က ၉-၁-၁ ကို ခေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးသမားများက သူ့အိမ် နှစ်လမ်းကျော်ရှိ ပွဲဈေးတွင် သူ့ကို ရှာတွေ့ခဲ့သည်။ ထိုညနေပိုင်းတွင် အဖိုးနှင့်အတူ ပွဲသို့သွားနိုင်သည်ဟု သူ့အမေက ကတိပေးခဲ့သည်။ သို့သော် သူက သူ့ကစားစရာ ထွန်စက်ကားကို မောင်းသွားပြီး သူကြိုက်သည့် အပျော်စီးချားရဟတ်နေရာ၌ ဆိုက်ထားလိုက်သည်။ ကဲနက်လေး အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်ပြီးနောက် သူ့ဖခင်က ကားထဲမှ ဘက်ထရီကို အမြော်အမြင်ဖြင့် ဖယ်လိုက်သည်။

သူသွားလိုသည့်နေရာသို့ ကဲနက်လေးသွားနိုင်ခြင်းက သူအတော် ထက်မြက်သည်ဟုဆိုနိုင်သည်။ သို့သော် ၂ နှစ်အရွယ်ကလေး၌ မရှိသေးသည့် အရေးကြီး သည့်အရာမှာ ဉာဏ်အမြော်အမြင်ဖြစ်ပါသည်။ အရွယ်ရောက်သူများ၌လည်း တစ်ခါတစ်ရံ ဉာဏ်အမြော်အမြင်မရှိကြပါ။ ခမည်းတော်ဒါဝိဒ်၏ အရိုက်အရာကို ဆက်ခံသူရှောလမုန် (၃ ရာ ၂) က သူသည် ကလေးငယ်ကဲ့သို့ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ ဘုရားသခင်သည် သူ့အိပ်မက်၌ထင်ရှားလျက် “ငါပေးရမည့်ဆုကို တောင်းလော့” ဟု မိန့်ကြားခဲ့သည် (၃:၅)။ “အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ခြင်းဝင်ခြင်းငှာ မတတ်နိုင်ပါ။ … ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သော ဉာဏ်ကို ပေးသနားတော်မူပါ” (:၇-၉)ဟု ရှောလမုန် ပြန်ဖြေခဲ့သည်။ ဘုရား သခင်သည် ရှောလမုန်ကို “များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာ သဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်…” (:၂၉)။

ကျွန်ုပ်တို့လိုအပ်သည့် ဉာဏ်အမြော်အမြင်ကို အဘယ်မှာ ရနိုင်မည် နည်း။ ထာဝရဘုရားကို “ကြောက်ရွံ့သောသဘော”သည် ပညာ၏မူလအမြစ်ဖြစ်သည် ဟု ရှောလမုန်မင်း မြွက်ကြားခဲ့သည် (သု ၉:၁၀)။ သို့ဖြစ်၍ ကျွန်ုပ် တို့အား သူ့အကြောင်းကို သင်ကြားပေးရန်နှင့် ဉာဏ်အမြော်အမြင် ပေးသနားရန် ဘုရားသခင်အား တောင်းခံခြင်းဖြင့် အစပြုကြပါစို့။ ANNE CETAS