ပြိုင်ဘက်အသင်းမှကစားသမားက လေထဲသို့ဘောလုံးကိုရိုက်လိုက်စဉ် ကစားကွင်း၏ မီးရောင်အောက်တွင် ရပ်နေသည့် ကျွန်မ ခင်ပွန်းအယ်လန်သည် ဘောလုံးမှအကြည့်လုံးဝမခွာဘဲ ကွင်း၏အမှောင်ဆုံးနေရာထောင့်ဆီသို့ အရှိန်ဖြင့် ပြေးလိုက်ရာ သံဇကာခတ်ထားသော ခြံစည်းရိုးကို ဝင်ဆောင့်တော့သည်။

ထိုနေ့ညနောက်ပိုင်း ကျွန်မက သူ့ကိုရေခဲအိတ်ကပ်ပေးရင် “နေသာရဲ့လား” ဟု မေးရာ၊ သူ့ပုခုံးကို ပွတ်ရင်း “ခြံစည်းရိုးနဲ့နီးလာပြီလို့ ငါ့အသင်းသားတွေသာ ငါ့ကိုသတိပေးခဲ့ရင် ပိုပြီးနေသာမှာပဲ”ဟု ပြန်ပြောခဲ့သည်။

အတူတကွအလုပ်လုပ်မှသာ အသင်းအဖွဲ့က အကောင်းဆုံး လုပ်ဆောင်နိုင် မည်။ အယ်လန်၏အသင်းသားတစ်ဦးဦးကသာ ခြံစည်းရိုးနဲ့နီးလာပြီဟု သတိပေး အော်ပြောခဲ့ပါလျှင် သူဒဏ်ရာမရအောင် ရှောင်ရှားနိုင်မည်ဖြစ်သည်။

အသင်းတော်၌ အသင်းသားများ ပူးပေါင်းလုပ်ဆောင်ရန်၊ အသင်းအဖွဲ့ကဲ့သို့ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုစောင့်ရှောက်ရန် ပုံစံပြု ဒီဇိုင်းရေးဆွဲထားကြောင်း သမ္မာကျမ်းစာမှ သတိပေးထားပါသည်။ လူတစ်ဦး၏အပြုအမူက ယုံကြည်သူ များ၏အသိုင်းအဝန်းတစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိနိုင်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ကျွန်ုပ်တို့မည်သို့အပြန်အလှန်တုံ့ပြန်သည်ကို ဘုရားသခင် သတိပြုနေကြောင်း တမန်တော် ရှင်ပေါလုက ကျွန်ုပ်တို့ကိုပြောထားပါသည် (ကော ၃:၁၃-၁၄)။ ကျွန်ုပ်တို့အားလုံးသည် အချင်းချင်းကို အစေခံရန်အခွင့်ကို ရင်ဝယ်ပိုက်ပြီး၊ စည်းလုံးခြင်းနှင့် ငြိမ်းချမ်းရေးကို အပြည့်အဝဆက်ကပ်ထားပါက အသင်းတော်သည် တိုးတက်ကောင်းစားမည်ဖြစ်သည် (:၁၅)။

“ခရစ်တော်၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ … ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့် အချင်းချင်း…ဆုံးမသွန်သင်ခြင်း၊သတိပေးခြင်းကိုပြု…ကြလော့” (:၁၆) ဟု ပေါလုက စာဖတ်သူများကို ညွှန်ကြားထားပါသည်။ ဤနည်းအားဖြင့် ကြိုးစား ရှင်သန်ကာ ချစ်ခြင်းနှင့် ပွင့်လင်းရိုးသားသော ဆက်ဆံရေး၊ ကျေးဇူးတင်သော နှလုံးသားနှင့် ဘုရားသခင်အားနာခံခြင်း ချီးမွမ်းခြင်းတို့အားဖြင့် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦးကို တိုက်တွန်းအားပေးပြီး ကာကွယ်နိုင်ပါသည်။ XOCHITL DIXON