မိသားစုဒဏ္ဍာရီအရ ဘီလီနှင့်မာဗင်ညီအစ်ကိုနှစ်ဦးတို့သည် တစ်နေ့၌ မိသားစုပိုင် နို့စားနွားမွေးမြူရေးခြံ၌ ရပ်နေစဉ် စာတန်းထိုးလေယာဉ်တစ်စီး ပျံသန်းလာပြီး ကောင်းကင်၌ “GP” ဟု စာလုံးနှစ်လုံးကို ရေးထိုးသွားသည်ကို တွေ့လိုက်ရသည်။

သူတို့မြင်ခဲ့သည့်စာလုံးများ၌ သူတို့အတွက် အဓိပ္ပာယ်သီးသန့်ရှိသည်ဟု ညီအစ်ကိုနှစ်ဦးလုံး ဆုံးဖြတ်ခဲ့၏။ တစ်ဦးက “သွားပြီး ဟောပြော” (Go preach)ဟု အဓိပ္ပာယ်ဖွင့်ပြီး တစ်ဦးကမူ “သွားပြီးထွန်ယက်” (Go plow) ဟု အဓိပ္ပာယ် ကောက်ခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုနှစ်ဦးအနက် ဘီလီ ဂရေဟမ်မှာ ဧဝံဂေလိတရားဟောပြောရန် သူ့ကိုယ်သူ ဆက်ကပ်ခဲ့ပြီး စံနမူနာယူရသည့် ဧဝံဂေလိဟောပြောသည့်ဆရာတော်ဖြစ်လာခဲ့သည်။ သူ့ညီမှာမူ မိသားစုပိုင် နို့စားနွား မွေးမြူရေးခြံကို နှစ်ပေါင်းများစွာ ဆက်လက်ပြီး သစ္စာရှိရှိ ဦးစီးလုပ်ဆောင်ခဲ့သည်။

ကောင်းကင်မှစာတန်းကို အသာထား၊ ဘုရားရှင်သည် ဘီလီကို ဟောပြောရန်ခေါ်ပြီး မာဗင်ကို ထွန်ယက်ရန် ရွေးခေါ်ခဲ့ပါလျှင် ဤအမှု၌ သူတို့ နှစ်ဦးစလုံးသည် သူတို့၏လုပ်ငန်းများဖြင့် ဘုရားသခင်အား ချီးမြှောက်ခဲ့ကြ သည်။ ဘီလီက နှစ်ပေါင်းများစွာ ဟောပြောသည့်အမှုတော်ကို ဆောင်ရွက် လျက် အောင်မြင်မှုရစဉ် သူ့အောင်မြင်မှုက ပိုအရေးကြီးပြီး၊ ထွန်ယက်ရန် ခေါ်ယူစေစားခံရသည့် သူ့ညီ၏ နာခံခြင်းက သိပ်အရေးမပါဟု မဆိုလိုပါ။

ဘုရားသခင်က လူအချို့ကို အချိန်ပြည့်အမှုတော်ဆောင်ရန် တာဝန် ပေးအပ်ရာတွင် (ဧ ၄:၁၁-၁၂)၊ ၎င်းသည် အခြားအလုပ်များနှင့် ကဏ္ဍများထက် ပိုအရေးကြီးသည်ဟု မဆိုလိုပါ။ အမှုနှစ်ခုလုံးတွင် “အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်” (:၁၆)ဟု ရှင်ပေါလု ပြောကြားခဲ့သည်။ ဆိုလိုရင်းမှာ ဘုရားရှင်က ကျွန်ုပ်တို့ကိုပေးထားသည့်ဆုကျေးဇူးများကို သစ္စာရှိစွာ အသုံးပြုခြင်းဖြင့် ယေရှုရှင်အား ချီးမြှောက်ခြင်းဖြစ်၏။ “သွားပြီး ဟောပြော” သည်ဖြစ်စေ၊ “သွားပြီး ထွန်ယက်”သည်ဖြစ်စေ ကျွန်ုပ်တို့အစေခံချိန်တိုင်း (သို့) အလုပ်လုပ်ချိန်တိုင်းတွင် ရှင်ယေရှုအတွက် ထူးခြားမှုကို ကျွန်ုပ်တို့ပြုလုပ်နိုင် ပါသည်။ DAVE BRANON